မြစ်ကြီးနား ၂ စက်တင်ဘာ      


ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် ဆောင်ရွက် ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။ 


အခမ်းအနားတွင် ကချင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးစိုးပိုင်မြင့် က နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 


ထို့နောက် ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးမှ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသော ပြည်သူများ မဖြစ်မနေ ပါဝင်မဲပေးနိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၁၀ ကတ်အား တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။  


အခမ်းအနားသို့ ကချင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးစိုးပိုင်မြင့်၊ မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးသန်းထွန်းအောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးဇော်ရာနှင့် ဝန်ထမ်းများ၊ မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။   


ရဲဝင်းနိုင် (ညောင်ဦး)