မြစ်ကြီးနား ၁၂ မေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရာ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မေ ၁၁ ရက်က မြစ်ကြီးနားမြို့နယ် ဒူကထောင် နှစ်ခြင်းဘုရားရှိခိုးကျောင်းသို့ သွားရောက်ပြီး မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ နေရပ်စွန့်ခွာလာသော ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးဇော်ရာနှင့် ဝန်ထမ်းများက မြစ်ကြီးနားမြို့နယ် စစ်ဘေးရှောင် စခန်းဖြစ်သည့် ဒူကထောင်နှစ်ခြင်း ဘုရားရှိခိုးကျောင်းတွင် မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာ စစ်ဘေးရှောင်စခန်းများဖြစ်သည့် ဂျန်မိုင်ကောင်းနှစ်ခြင်း၊ စိန်ဂျွန်းနန်းကွေ့၊ အင်ဂျန်ဒုံနှစ်ခြင်း၊ စီတာပူသီတာအေးမူရင်း၊ ရွှေစက်နှစ်ခြင်း၊ တပ်ကုန်းဧမာနွေလ၊ တပ်ကုန်းဂါလိလဲနှစ်ခြင်း၊ တပ်ကုန်း CoC၊ ဒူကထောင်နှစ်ခြင်း၊ ကဘူဒမ်း CoC၊ တပ်ကုန်းစံပြနှစ်ခြင်း၊ မလိယန်နှစ်ခြင်း၊ စီတာပူဆွတ်ငိုင်တောင်၊ ဂျန်မိုင်ကောင်း RC၊ လယ်ကုန်းဇီးလွန်၊ ပလနပိတောက်မြိုင် (၁)နှင့် မန်ခိန်နှစ်ခြင်း စုစုပေါင်း စစ်ဘေးရှောင်စခန်း (၁၈) စခန်းမှ ဒေသခံပြည်သူ အမျိုးသား ၂၅၄ ဦး၊ အမျိုးသမီး ၂၅၃ ဦး စုစုပေါင်း ၅၀၇ ဦးကို အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူ အသက် (၁၀)နှစ်ပြည့် အမျိုးသား ၁၄၇၊ အမျိုးသမီး ၁၁၅ ဦး၊ အသက်(၁၈)နှစ်ပြည့် အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၃၀၆ ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများအား နေထိုင်သွားလာရေး အဆင်ပြေစေရန်အတွက် သင့်လျော်သည့်နေရာများတွင် ယာယီစစ်ဘေးရှောင် စခန်းများကို ဖွင့်လှစ်ထားရှိ၍ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ စခန်းစုစုပေါင်း ၂၃ ခုရှိပြီး ကျန်ရှိသည့် စခန်း ၅ ခုမှ နေရပ်စွန့်ခွာ ပြည်သူများအား ဆက်လက်ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်ရာထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)