မြစ်ကြီးနား ၁၆   မေ  

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းနေမိသားစုများအတွက် (၁)လစာ ဆန်နှင့် စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က သွားရောက်ထောက်ပံ့ပေးအပ်ကြသည်။

 

ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးခင်မောင်မြင့်(ခ)ဦးဒိတ်၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးအားတီယောဟန်နှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေ သီမာတို့သည် နောင်နန်းကျေးရွာ ဂျော်မဆပ်ဘုရားကျောင်းဝင်းအတွင်းရှိ တိုက်ပွဲရှောင်စခန်းသို့ သွားရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက စခန်းနေမိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားကြကာ စခန်းနေမိသားစုမျာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က အဆိုပါစခန်းရှိ အိမ် ထောင်စု (၁၄၀)၊ လူဦးရေ (၆၂၂)ဦးတို့အတွက် (၁)လစာ စားနပ်ရိက္ခာအဖြစ် ဆန် ၁၉၄ အိတ် ၉ ပြည်နှင့် ဆီနှင့်ကုလားပဲပိဿာ ၂၈၀ စီတို့နှင့် ဆားပိဿာ ၁၄၀ တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် ပလနကျေးရွာ စိန့်ဂျိုးဇက် ယာယီစစ်ရှောင်စခန်းသို့ သွားရောက်ခဲ့ကြပြီး အိမ်ထောင်စု (၂၅၅)စု၊ လူဦးရေ (၁၃၇၄)ဦးတို့အတွက် (၁)လစာ စားနပ်ရိက္ခာအဖြစ် ဆန်အိတ် ၄၂၉ အိတ် ၉ ပြည်၊ ဆီနှင့်ကုလားပဲပိဿာ ၅၁၀ စီတို့နှင့် ဆား ၂၅၅ ပိဿာတို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ထိုမှတစ်ဆင့် တြီနီတီဘုရားကျောင်းဝင်းအတွင်းရှိ တိုက်ပွဲရှောင်မိသား (၁၇၇)စု၊ လူဦးရေ (၈၅၀)ဦးတို့အတွက် (၁)လစာ စားနပ်ရိက္ခာအဖြစ် ဆန် ၂၆၅ အိတ် ၁၅ ပြည်၊ ဆီနှင့်ကုလားပဲ ၃၅၄ ပိဿာစီ တို့နှင့် ဆား ၁၇၇ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း ပြည်နယ်ပြန်/ဆက်မှ သိရသည်။

 

MDN

 

0.258