မိုးညှင်း  မေ  ၁၁

 

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့၌ ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် မြို့နယ်အသီးသီးမှ ဒေသခံ အမျိုးသမီးငယ်များတောင်းခံသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု အခြေခံ စက်ချုပ်သင်တန်းကို မေလ (၁၀)ရက်နေ့မှ ဇွန်လ (၁၃)ရက်နေ့ထိ ရက်သတ္တပတ်(၅)ပတ်ကြာ စာတွေ့ လက်တွေ့ဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းထံမှ သိရသည်။

 

အဆိုပါဖွင့်လှစ်သည့်သင်တန်းတွင် မိုးညှင်း၊ ဝိုင်းမော်၊ ဖားကန့်၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဗန်းမော်စသည့် မြို့နယ်ဒေသများမှ အမျိုးသမီးငယ်များ စုစုပေါင်း(၂၀)ကို စက်နင်းအခြေခံ၊ အင်္ကျီရင်စေ့၊ ရင်ဖုန်း၊ နောက်ကွဲအင်္ကျီ၊ ရှပ်အင်္ကျီလက်ရှည်၊ လက်တို၊ ဘောင်းဘီရှည်၊ ဘောင်းဘီတို၊ သုံးလွှာ/လေးလွှာစကတ်၊ ချိတ်စကတ်၊ ဂါဝန်၊ သင်္ဘောသားအင်္ကျီ ချုပ်နည်းများကို စင်တီမီတာ နည်းဖြင့် သင်ကြားပေးသွားမည်ဖြစ်၍ ထိုသင်တန်းကို ကျောင်းအုပ် ဒေါ်ယဉ်ယဉ်မြင့်နှင့် နည်းပြ၊ လ/ထနည်းပြများမှ အနည်းကပ်ကြီးကြပ်၍ တတ်မြောက်သည်အထိ သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

သင်တန်းများတွင် နှစ်စဉ်ဒေသခံအမျိုသမီးငယ်များ စဉ်ဆက်မပြတ် တောင်းခံတက်ရောက်ကြပြီး ကိုယ်ပိုင်စက်ချုပ်လုပ်ငန်းထူထောင်ခြင်းနှင့် အထည်ချုပ်စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ငန်းခွင်ဝင်ရောက်ရန် ရည်မှန်း၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကျေးလက်နှင့် မြို့ပြနေ ပညာရေး ဆုံးခန်းမတိုင်သူ အမျိုးသမီးငယ်များဘဝမှ မိမိကိုယ်ပိုင်ဝင်ငွေများရရှိအောင် လုပ်ကိုင်နိုင်ရန်အတွက် ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသည် မြန်မာအမျိုးသမီးများဘဝ အောင်မြင်တိုးတက်စေရန် အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများကို စဉ်ဆက်မပြတ် ပို့ချသင်ကြားလျက်ရှိပါသည်။

 

သင်တန်းဆင်း ၈၀ရာခိုင်နှုန်းမှာ ၎င်းတို့၏ရည်မှန်းချက်များအတိုင်း ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ခြင်း၊ စက်ရုံအလုပ်ရုံများ၌ ဝင်ရောက်လုပ်ကိုင်ကြရာတွင် အထည်ချုပ်ဒီဇိုင်း၊ ခေတ်နှင့်အညီ ဈေးကွက်ဝင်အထည်များ ချုပ်လုပ်တတ်ခြင်းဖြင့် မိသားစုအတွက်အိုးအိမ်မကွာ ကိုယ်ပိုင်လုပ်ငန်း ပေါ်ထွန်းလာပြီး လုပ်အားနှင့်ညီမျှသည့် ဝင်ငွေများရရှိကြသည့်အပြင် မြန်မာအမျိုးသမီးငယ်များ အတွက် ထိရောက်စွာအကျိုးရှိအောင် သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)