မြစ်ကြီးနား ၉ ဇူလိုင် 


ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် Box Mother လူငယ်ပရဟိတအဖွဲ့မှ ဦးဆောင်၍ Food Box များကို မြစ်ကြီးနားမြို့ရှိ လူစည်ကားသည့် နေရာနှစ်နေရာတွင် ဇူလိုင် ၈ ရက် မွန်းလွဲပိုင်းမှစတင်ကာ ချထားပေးကြောင်း သိရသည်။


အဆိုပါ Food Box များကို မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်ရှိ ကိုယ်ကာယလေ့ကျင့်ရေးအားကစားကွင်း၊ ဧရာရပ်ကွက်ရှိ ကုတင်(၅၀ဝ)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနတို့တွင် ချထားပေးခဲ့ပြီး တာဝန်ရှိသူများက Food Box များအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။


အဆိုပါ Food Box ဖွင့်လှစ်ချထားပေးမှုနှင့် ပတ်သက်၍ ဦးဆောင်သူ မရူပါက “ကျွန်မတို့က တစ်ယောက်ကို တစ်ရက်တစ်ရာကျပ်နှုန်းနဲ့ စတင်ဆောင်ရွက်တာပါ၊ တခြားမြို့တွေမှာလည်း စေတနာရှင်တွေ၊ လူငယ် ပရဟိတအဖွဲ့တွေ ဦးဆောင်ပြီး ဆောင်ရွက်နေတာဖြစ်တာကြောင့် ကျွန်မတို့လည်း လုပ်ကြမယ်ဆိုတဲ့ အတွေးပေါ်လာပြီး အွန်လိုင်းကနေ လူစုကြည့်လိုက်တာ ဒီကနေ့အထိ အင်အား(၈၀)ကျော်ရရှိပြီး ခုလိုဆောင်ရွက်ခွင့်ရရှိတာပါ၊ နောက်တချက်က ခုလို Food Box နေရာချထားပေးဖို့ကိုလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ ကျန်းမားရေးဌာနက ဆေးရုံအုပ်ကြီးတို့ စတာတွေလည်းဝိုင်းဝန်းကူညီဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”ဟု ရှင်းလင်းပြောကြားသည်။


မြစ်ကြီးနားမြို့ပေါ်တွင် Food Box ချထားပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်အတွက် Food Box အလှုရှင် ကိုကျော်မျိုးသူမှ “ချို့တဲ့သူတွေကို ချို့တဲ့တဲ့နေရာအရောက်ဝေမျှသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာပါ၊ ဆက်လက်ပြီး စာအုပ် Box ၊ ဆေးသေတ္တာ စတာတွေကိုလည်း လိုအပ်တဲ့နေရာတွေမှာ ချထားပေးဖို့ ဆောင်ရွက်သွားနိုင်အောင်ကြိုးစားသွားမှာပါ”ဟု ရှင်းလင်းပြောကြားပြီး အဆိုပါ Food Box တွင် နေရာအလိုက် လိုအပ်သည့်စားသောက်ဖွယ်ရာများ၊ ရေသန့်ဗူးများ၊ တစ်သျှူးလိပ်များ၊ အချိုရည်ဗူးများ စသည်တို့ထည့်သွင်းထားရှိပြီး နေ့စဉ်အဖွဲ့လိုက် လိုက်လံထည့်သွင်း ဖြည့်ဆည်းခြင်းစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လှူဒါန်းလိုသူများ ပါဝင်လှုဒါန်းနိုင်ကြောင်း Box Mother လူငယ်ပရဟိတအဖွဲ့ထံမှ သိရသည်။

 


ဝင်းနိုင်(ကချင်မြေ)

 

1