မြစ်ကြီးနား ၁ ဇွန်
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းအသီးသီးနေ ဒေသခံတိုင်းရင်းသားပြည်သူများနင့် ဒေသခံပြည်သူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြား လွှဲပြောင်းပေးအပ်ပွဲကို မေ ၃၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကချင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဌေးအောင်ကျော်က မိမိတို့ ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံသား အရည်အချင်း ပြည့်မီသူများကို နိုင်ငံသားအခွင့်အရေး ရပိုင်ခွင့်များအတိုင်း သတ်မှတ်ထားသည့် အသက်အပိုင်းအခြားအလိုက် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ခွင့်ရရှိစေမှာဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်ပေးမှုမှာ သစ္စာစီမံချက်ဖြင့် နေရပ်စွန့်ခွာစခန်းများနေ ပြည်သူများအပြင် မြစ်ကြီးနားမြို့ပေါ်ရှိ ဒေသခံပြည်သူများကိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်ပေးခြင်း၊ ပျောက်ဆုံး၊ ပျက်စီးသူများကို လဲလှယ်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဆက်လက်၍လည်း ကျောင်းဖွင့်ရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းကာ စာသင်ကြားချိန်မပျက် ကျောင်းသား/ကျောင်းသူများကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက နေရပ်စွန့်ခွာစခန်း(၂၀)ခုမှ လူဦးရေ(၇၅၆)ဦး၊ မြို့သစ်ကြီးရပ်ကွက်မှ ဒေသခံပြည်သူ(၃၀၆)ဦး၊ တီယန်ဇွတ်ကျေးရွာနေ ပြည်သူ(၁၂၀)ဦးနှင့် အင်ဂျစ်ယန်ကျေးရွာနေ ပြည်သူ(၁၈)ဦး စုစုပေါင်း(၁၂၀ဝ)ဦးအား နိုင်ငံသားစိစစ်ရေးကတ်များ လွှဲပြောင်းပေးအပ်ရာ ဒေသခံပြည်သူများကိုယ်စား ဒေသခံတိုင်းရင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)
