မြစ်သား ၂၈ ဇွန်

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး  ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဇွန် ၂၇ ရက် နံနက် ၉ နာရီက မင်းဝံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

 

ပြည်သူ့စကားဝိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲဝင်းထွန်းက “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း တင်ပြသည်။

 

ထို့နောက် ပြည်သူ့စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်စိုး၊ မြို့နယ်ဥပဒေအရာရှိဒေါ်သူသူထွန်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်နှင့် မင်းဝံတိုက်နယ်ဆရာဝန် ဒေါက်တာလှလှထွေးတို့က မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအား အစိုးရနှင့်ပြည်သူပူးပေါင်း တိုက်ဖျက်နေမှုများ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ၊ လူကုန်ကူးမှု၊ သက်ငယ်မုဒိမ်းမှုများနှင့်ပတ်သက်၍ သိကောင်းစရာများ၊ ပြင်ဆင်ပြီးသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့် လူမှုရေးပြစ်ဒဏ်များအကြောင်း၊ လောင်းကစား ဥပဒေများ၊ စိတ်ကြွရူးသွပ်ဆေးပြားများအကြောင်းနှင့် အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီးများအကြောင်းကို အသေးစိတ် ဆွေးနွေးတင်ပြကြသည်။ 

 

ထို့နောက် တက်ရောက်လာသော ကျောင်းသားကျောင်းသူများက မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက  တရားဥပဒေစိုးမိုးရေး၊ လောင်းကစား ဝိုင်းများ ပူးပေါင်းဖမ်းဆီးနိုင်ရေး၊ ၁၆ကုတင် တိုက်နယ်ဆေးရုံရှိသော်လည်း လျှပ်စစ်မီးမရရှိသေး၍ မီးရရှိရေး၊ ကျေးရွာချင်းဆက်လမ်းများ မိုးရာသီတွင် သွားလာရေးခက်ခဲနေမှုအား ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးရွာ လျှပ်စစ်သွယ်တန်းရေးနှင့် ပညာရေးဝန်ထမ်းများ လိုအပ်နေမှုများကို ဖြည့်တင်း ပေးရေးစသည့် ကိစ္စရပ် များကို မေးမြန်းဆွေးနွေးခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေရှင်း ဆွေးနွေးကြကြောင်း သိရသည်။

 

ပြည်သူ့စကားဝိုင်းသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မင်းဝံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးမောင်မောင်၊ မင်းဝံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသူကျောင်းသားများ၊ ရပ်မိရပ်ဖများ ဒေသခံ ပြည်သူများ စုစုပေါင်း ၃၀ဝကျော် တက်ရောက်ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။

 

MDN