mdn

မြစ်သား ၂၂ အောက်တိုဘာ


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ၂၀၁၅−၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တည်ထောင်စိုက်ပျိုးခဲ့သော ကျေးရွာသုံးစိုက်ခင်း (၃၅)ဧကမှ ထွက်ရှိသော ထင်းများအား လွှဲပြောင်းပေးအပ်ခြင်းကို ထင်းခုတ်လှဲထုတ်ယူခွင့်ပြုထားသော ၁/၂၀၁၅ ကျေးရွာသုံးစိုက်ခင်းအတွင်း၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်ခရိုင် အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမြင့်၊ တောအုပ်ကြီး ဒေါ်တင့်တင့်ခိုင်၊ မြစ်သားမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်လင်းအောင်၊ တောအုပ်ကြီး ဦးသူရိန်ဌေး၊ တောအုပ်ကြီး ဦးဇင်ကို၊ စိုက်ခင်းဝန်ထမ်းများ၊ ထိန်ကန်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။

မြစ်သားမြို့နယ်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၁၄−၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြက္ခယွေကြိုးဝိုင်း၊ အမှတ်အကွက်(၃)အတွင်း၌ ၁/၂၀၁၅ ကျေးရွာသုံးစိုက်ခင်း (၃၅)ဧကကို တည်ထောင်ခဲ့ပြီး ယူကလစ် (၄၅၀၀)ပင်၊ မယ်ဇလီ (၃၀၀၀)ပင်နှင့် တမာပင် (၃၀၀၀)ပင်တို့အား ၂၄ ပေ ၆ ပေ ပန္နက်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကာ ရွှေစေတီဒေသရှိ ကျေးရွာများ၏ ထင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် ၁/၂၀၁၃ ကျေးရွာစိုက်ခင်း (၃၅)ဧကမှာ (၅)နှစ်ပြည့်ပြီးမြောက်ပြီးဖြစ်ရာ စိုက်ခင်းမှထွက်ရှိသော ထင်းများအား အကျိုးပြုကျေးရွာဖြစ်သော ထိန်ကန်ကြီးကျေးရွာအုပ်စု၊ ပွဲလုံးကျော်ကျေးရွာသို့ ထင်းလွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မြစ်သားမြို့နယ်အနေဖြင့် ၁/၂၀၁၅ ကျေးရွာသုံး စိုက်ခင်း (၃၅)ဧကမှထွက်ရှိသော ထင်းတန် (၁၉)တန်နှင့် တိုင်(၂၅)လုံးအား အဆိုပါစိုက်ခင်းအတွင်း၌ပင် ထိန်ကန်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ ကျေးရွာသူ/ရွာသားများ ရှေ့မှောက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဆုမွန်(မြစ်သား)