ရန်ကုန်  ၂၇  မေ 


ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်မှ ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်သော တောင်သူများသည် ယနေ့ နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ် ညောင်နှစ်ပင်ခြံနှင့် စိမ်းလန်းစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအဖွဲ့၏ ဓာတုကင်း လွတ်ဟင်းသီးဟင်းရွက်စိုက်ကွင်းသို့ လာရောက်လေ့လာကြသည်။
ညောင်နှစ်ပင်ခြံရှင်းလင်းဆောင်တွင် လေ့လာရေးအဖွဲ့အားတိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်ကျော်ကစိုက်ပျိုးထုတ်လုပ်သည့် ကုန်ပစ္စည်းများ ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီးသည် ဈေးကွက်အရအားသာချက်များ ရှိပါကြောင်း၊ စိုက်ပျိုးရေးနည်းပညာနှင့် ပတ်သက်ပြီးဒေသတစ်ခုနှင့်တစ်ခု ချိတ်ဆက် ဆောင်ရွက်နိုင်ပါကအောင်မြင်မှုများရနိုင်ပါကြောင်းရှင်းလင်းပြောကြားသည်။


ထို့နောက် ညောင်နှစ်ပင်ခြံဦးစီးမှူး ဦးအောင်ဌေး က ညောင်နှစ်ပင်ခြံ၏ လက်ရှိစိုက်ပျိုးဆောင်ရွက်နေမှုများနှင့် စိမ်းလန်းစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အဖွဲ့၏ ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်များ ဈေးကွက်သို့ တင်ပို့ရန်အတွက် ထုတ်ပိုးနေမှုများကို ရှင်းလင်းပြသခဲ့ပြီး လေ့လာရေးအဖွဲ့သည် ညောင်နှစ်ပင်ခြံနှင့် စိမ်းလန်းစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအဖွဲ့၏ ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက် စိုက်ကွင်းသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးထားရှိမှုကိုလေ့လာကြည့်ရှုကြသည်။


အဆိုပါ ညောင်နှစ်ပင်ခြံသို့ လာရောက်လေ့လာကြသည့် တောင်သူများသည် GIZ-SAFI မှ ရေရှည်စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အစားအစာအရည်အသွေး ပြည့်မီရေးစီမံကိန်း (Sustainable Agricultural Development and Food Quality Initiative Project-SAFI မှ ဟင်းသီးဟင်းရွက် စိုက်ပျိုးသောစီမံကိန်းမှ တောင်သူများ ဖြစ်ကြောင်းသိရသည်။


ညောင်နှစ်ပင်စိုက်ပျိုးရေးအထူးဇုန်သည် ၂၉၃ ဒသမ ၁၄ ဧက ကျယ်ဝန်းပြီး စိမ်းလန်းစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအဖွဲ့မှ ဧက ၁၀ဝ ပေါ်တွင် ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက် စိုက်ခင်းများစိုက်ပျိုးလျက်ရှိပြီး နေ့စဉ်ထွက်ရှိလာသည့် ဟင်းသီး ဟင်းရွက်များကို ရန်ကုန်မြို့အတွင်းရှိ ဈေး ၄၈ ဈေးနှင့် စီးတီးမတ်ဆိုင်များသို့ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။ 


ထို့အတူစိုက်ပျိုးရေးဦးစီးဌာနမှ ညောင်နှစ်ပင်ခြံတွင် ဓာတုကင်းလွတ် ဟင်းသီး ဟင်းရွက်များတောင်သူများစိုက်ပျိုးနိုင်ရန် စိုက်ခင်းစိုက်ကွက်များဖြင့် တောင်သူပညာ ပေးလုပ်ငန်းများကိုဆောင်ရွက် လျက်ရှိကြောင်းသိရသည်။


(သတင်း၊ဓာတ်ပုံ/မင်းသစ်(MNA)