ရန်ကုန်  ၃  နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရေကျော်ဓာတ်အားခွဲရုံ၊ ဝါးနက်ချောင်း ဓာတ်အားခွဲရုံနှင့် ထန်းတပင်မြို့နယ်၊ ကျူတောဓာတ်အားခွဲရုံ၊ တက်သစ်ကျွန်းဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်းအနားများကို ယနေ့တွင် အဆိုပါဓာတ်အားခွဲရုံများ၌ ကျင်းပသည်။

ရှေးဦးစွာ မှော်ဘီမြို့နယ် 33/11 kV, 5 MVA ရေကျော်ဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာမော်ကွန်းကို ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းတို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် 33/11 kV, 5 MVA ဝါးနက်ချောင်း ဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာမော်ကွန်းကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ 

ယင်းနောက် ထန်းတပင်မြို့နယ်ရှိ 33/11 kV, 5 MVA ကျူတောဓာတ်အားခွဲရုံဖွင့်ပွဲတွင်  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ရန်ပုံငွေအသုံးပြု၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်ခဲ့သော ဓာတ်အားခွဲရုံ (၁၃)ရုံအနက် မြောက်ပိုင်းခရိုင်အတွင်း တည်ဆောက်ရန်ဖြစ်သော ဓာတ်အားခွဲရုံ (၆)ရုံမှ ပြီးစီးပြီး မှော်ဘီမြို့နယ်ရှိ 33/11 kV, 5 MVA ခွဲရုံများဖြစ်သည့် ရေကျော်ဓာတ်အားခွဲရုံ၊ ဝါးနက်ချောင်းဓာတ်အားခွဲရုံ (၂)ရုံနှင့် ယခုထန်းတပင်မြို့နယ် အတွင်းရှိ 33/11 kV, 5 MVA ခွဲရုံများဖြစ်သည့် ကျူတောဓာတ်အားခွဲရုံနှင့် တက်သစ်ကျွန်း ဓာတ်အားခွဲရုံတို့ကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သို့ဖြစ်၍ ယနေ့တွင် 33/11 kV, 5 MVA ဓာတ်အားခွဲရုံ စုစုပေါင်း (၄) ရုံဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းတို့ ပူးပေါင်းပြီး မိမိတို့၏ရည်မှန်းချက်ဖြစ်သည့် ပြည်သူများနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် လျှပ်စစ် ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများသို့ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ခုနှစ်တွင် ကျေးရွာပေါင်း (၁၀၈၅)ရွာ မီးလင်းခဲ့၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် (၂၆၉)ရွာ ထပ်မံမီးလင်းခဲ့ရာ (၆၄ ရာခိုင်နှုန်း)ခန့် လျှပ်စစ်ဓာတ်အား ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း(၄၉၆)ရွာ လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ် ဆောင်ရွက်လျက်ရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် (၈၄ ရာခိုင်နှုန်း)အထိ လျှပ်စစ်ဓာတ်အား သုံးစွဲလာနိုင်ခဲ့ ကြောင်း၊ ထို့ပြင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျန်ရှိသည့် (၃၅၅)ရွာကို လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ပေးရန် စီစဉ်ထားရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျေးလက်နေ ပြည်သူများအားလုံး (၁၀၀ ရာခိုင်နှုန်း)အထိ လျှပ်စစ်ဓာတ်အားရရှိအောင် ရည်မှန်းချက်ထား စီမံဆောင်ရွက် လျက်ရှိကြောင်း၊ သို့ပါ၍ လျှပ်စစ်မီးထပ်မံရရှိသွားသည့် ပြည်သူများအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစစ ထပ်မံတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျူတောဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာမော်ကွန်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးကြပြီး ထန်းတပင်မြို့နယ်ရှိ 33/11 kV, 5 MVA တက်သစ်ကျွန်း ဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာမော်ကွန်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးကာ ခွဲရုံအတွင်း လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်