ရန်ကုန် ၇ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသို့ ကိုရီယား အမျိုးသား သစ်တောဉယျာဉ် (Korea National Arboretum) နှင့် အာရှဒေသ သစ်တောကဏ္ဏ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း၊ အထွေထွေ အတွင်းရေးမှူးရုံးတို့က ပါးစပ်/နှာခေါင်းစည် (Mask) နှင့် ကွန်ပျူတာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက အာရှဒေသ သစ်တောကဏ္ဏ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCo RETC) တွင် ပေးအပ်လှူဒါန်းခဲ့သည်။
ပေးအပ်လှူဒါန်းရာတွင် AFoCo Secretariat ကိုယ်စားလှယ် Mr Choi Sung Ho နှင့် မြန်မာ နိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H.E Mr.Lee Sang-hwa တို့က လှူဒါန်းသည့် ပစ္စည်းများနှင့် လှူဒါန်းရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လှူဒါန်းမှုအပေါ် မြန်မာ့သစ်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ကိုရီးယား အမျိုးသား သစ်တောဉယျာဉ်၊ ကိုရီးယား သမ္မတနိုင်ငံနှင့် AFoCo Secretariat တို့အား ကျေးဇူးတင်ရှိပါကြောင်း၊ သစ်တောကဏ္ဏနှင့် ပတ်သက်၍ ကိုရီယားနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ပေါင်း (၂၀) ကျော်လွန်လာပြီးဖြစ်ကြောင်း၊ ဒါ့အပြင် မြန်မာသည် အာဆီယံ နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်း ကိုရီးယားသစ်တောကဏ္ဏ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်အဖြစ် AFoCo RETC သင်တန်းကျောင်းကို မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်မှ စတင်၍ ဖွင့်လှစ်လျက်ရှိပါကြောင်း၊ AFoCo Secretariat အနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း သစ်တောမီးငြိမ်းသတ်ရေး မော်တော်ယာဉ်နှင့် ကွန်ပျူတာများကို သစ်တောဦးစီးဌာနသို့ လှူဒါန်းထားခဲ့ပြီး၊ ယခု ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလ အတွင်းတွင်လည်း ကိုရီးယားအမျိုးသား သစ်တောဉယျာဉ်နှင့် ပူးပေါင်း၍ ကူးစက်ရောဂါကာကွယ်ရေး အထောက်အကူပြု Face Mask နှင့် လုပ်ငန်းသုံး နည်းပညာ အထောက်အကူပြု ကွန်ပျူတာများ လှူဒါန်းသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးက ပါးစပ်နှင့် နှာခေါင်းစည်း (KF-80 Masks) (၄၀၀၀) ခုနှင့် ကွန်ပျူတာအလုံး (၅၀) တို့ကို သံယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းရာ မြန်မာ့သစ်တောလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက လက်ခံရယူခဲ့ပြီး အလှူရှင်များဖြစ်သည့် ကိုရီးယားအမျိုးသား သစ်တောဉယျာဉ် (Korea National Arboretum) နှင့် အာရှဒေသ သစ်တောကဏ္ဏ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း အထွေထွေ အတွင်းရေးမှူးရုံး AFoCo Secretariat တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးခဲ့သည်။
ဇွဲထက်ကို(ပြန်/ဆက်)


