မြောက်ဦး မေ ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ယဉ်ကျေးမှုအမွေအနှစ်များအပေါ် ထိခိုက်ပျက်စီးမှု လျော့နည်းစေရန် အတွက် HIA ဆန်းစစ်ချက်သင်တန်းကို ကြက်ဈေးရပ်ကွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနရုံးခန်းမ၌ ယမန့်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
အဆိုပါသင်တန်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်လွင်က Online ဖြင့် အဖွင့်အမှာစကား ပြောကြား ရာတွင် ယဉ်ကျေးမှုအမွေအနှစ်များအပေါ် ထိခိုက်သက်ရောက်မှုများကို လေ့လာသုံး သပ်၍ ထိခိုက်မှုလျော့နည်းစေရေး ဆောင်ရွက်နိုင်ရန်အတွက် စာတွေ့လက်တွေ့ သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း၊ သင်တန်း၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး တင်သွင်းထားသည့် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ၏ ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုးရှိသည့် ရှေးဟောင်းအမွေအနှစ်များအပေါ် ထိခိုက်စေနိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ၊ ဌာန ဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများကို ဆန်းစစ်၍ ထိခိုက်မှုအနည်းဆုံးဖြစ်မည့် နည်းလမ်းဖြင့် လုပ်ဆောင်နိုင်ရန် စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)မှ ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က သင်တန်းပထမပိုင်း ၃ ရက် စာတွေ့သင်ကြားရာတွင် ကမ္ဘာလုံးဆိုင်ရာ စံတန်းဖိုး များအကြောင်း၊ အမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ်ချက် လုပ်ငန်းစဉ်များအကြောင်း၊ ရှေးဟောင်း အဆောက်အအုံများအား ထိန်းသိမ်းခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသနှင့် ပတ်ဝန်းကျင်အား စီမံခန့်ခွဲခြင်း၊ အချက်အလက်များ စုဆောင်းစုဆောင်းခြင်း GIS စနစ်နှင့် HIA လုပ်ငန်းစဉ်များ ချိတ်ဆက်နေပုံသင်ကြား၍ သင်တန်း ဒုတိယ ၆ ရက်တွင် လက်တွေ့ကွင်းဆင်းခြင်း၊ အစီရင်ခံစာ ရေးသားခြင်းနှင့် ပြန်လည်ရှင်းလင်းတင်ပြခြင်းတို့ကို သင်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားသည်၊၊
သင်တန်းတွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် အရာထမ်း/အမှုထမ်း သင်တန်းသား၊ သင်တန်းသူ ၂၇ ဦး၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတို့ တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကို ၁၀ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)