မြောက်ဦး ၉ စက်တင်ဘာ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာအမှတ်စဉ် (Case-408၊ 440၊ 441) တို့နှင့် ထိတွေ့ဆက်စပ်သူများအား ရွှေသဇင်ဟိုတယ်နှင့် မိမိတို့၏နေအိမ်များတွင် စောင့်ကြည့် လူနာအဖြစ် Hotel Quarantine နှင့် Home Quarantine ထားရှိကာ ၎င်းတို့၏ အာခေါင်တို့ပတ်များကိုယူ၍ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ (၂)ကြိမ် ပို့ဆောင်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ (၂) ကြိမ်စလုံးတွင် Double Negative အဖြေထွက်ရှိတဲ့အတွက် မိမိနေအိမ်သို့ ပြန်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါ စောင်ကြည့်လူနာများမှာ Hotel Quarantine ဝင်နေသူ ၁၃ ဦးနှင့် Home Quarantine ဝင်နေသူ ၁၇ ဦး၊ စုစုပေါင်း ၃၀ တို့ဖြစ်ကာ ၎င်းတို့အား သြဂုတ် ၂၁ ရက်နေ့မှစ၍ အသွားအလာ ကန့်သတ်စောင့်ကြည့်ရာ နေရာများတွင် ထားရှိပြီး ရောဂါကူးစက်ခံရမှု ရှိ/မရှိ ဓာတ်ခွဲ နမူနာ(၂)ကြိမ် ရယူစစ်ဆေးရာတွင်လည်း ရောဂါကူးစက်ခံရမှုမရှိကြောင်း တွေ့ရှိရသဖြင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ဒေသအသီးသီးရှိ နေအိမ်များသို့ စနစ်တကျ စိစစ်အပ်နှံပေးအပ်ပြီး ရောဂါကူးစက်ခံရမှု မရှိကြောင်း ထောက်ခံချက်လက်မှတ်အား ပေးအပ်ကာ မိမိတို့၏နေအိမ်တွင် စက်တင်ဘာ ၁၁ ရက်နေ့ထိ နေထိုင်ရမည်ဖြစ်သည်။
မြောက်ဦးမြို့နယ်အတွင်းတွင် Community Base Facility Quarantine ဝင်နေသူ ၇၄ ဦး၊ Hotel Quarantine ဝင်နေသူ ၄၅ ဦး၊ Home Quarantine ဝင်နေသူ ၄၄၆ ဦးနှင့် Hospital Quarantine ဝင်နေသူ ၂၀ ဦးရှိပြီး ၎င်းတို့အနက်မှ ရောဂါပိုးမတွေ့ရှိသဖြင့် အိမ်ပြန်ခွင့်ရရှိသည့် Hotel Quarantine နှင့် Home Quarantine ဝင်နေသူ ၃၀ ဦးတို့မှာ မိမိနေအိမ်တွင် ကျန်းမာစွာ နေထိုင်လျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)


