မြောက်ဦး  ၁  ဇွန် 

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ဝက်လှကျေးရွာဘုန်းတော်ကြီးကျောင်း  ခိုလှုံရာစခန်းများတွင် ရောက်ရှိနေသောပြည်သူများအား မြောက်ဦးမြို့ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါ ခိုလှုံရေးစခန်းများသို့ သွားရောက်ပြီး ကျန်းမာရေးအသိပညာပေးခြင်းနှင့် စနစ်ကျသော လက်ဆေးခြင်းအကြောင်း ဟောပြောပြီး လက်တွေ့သရုပ်ပြမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ဟောပြောမှုကို ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကြက်ခြေနီတပ်ဖွဲ့မှ ဒုတပ်ခွဲမှူး ဦးသိန်းအောင်ချေနှင့် တပ်စုမှူး ဒေါ်အေးအေးသန်းတို့ ဦးဆောင်ကာ တပ်ဖွဲ့ဝင် ၆ ဦးဖြင့် ခိုလှုံရာစခန်းရှိ ကျေးရွာနေပြည်သူများကို ကျန်းမာရေးအကြောင်း သိကောင်းစရာများ ဟောပြောသည်။ ထို့နောက် ဒုတပ်ခွဲမှူး ဦးသိန်းအောင်ချေက တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ပတ်သက်၍ အိမ်သာကိုစနစ်တကျ အသုံးပြုတတ်ရန်၊ လက်ကိုစင်ကြယ်အောင်ဆေး ကြောတတ်စေရန်နှင့် လက်တွင်ပါရှိသောအညစ်အကြေးများကြောင့် ဖြစ်ပေါ်တတ်သော ဝမ်းပျက်၊ ဝမ်းလျှောရောဂါများနှင့်ပတ်သက်သည့်အကြောင်းအရာများအား လည်းကောင်း ကြက်ခြေနီတပ်ဖွဲ့ဝင်များက  ရောဂါကူး ဆက်ပုံကွင်းဆက်၊ တကိုယ်ရေသန့်ရှင်းရေး၊ စနစ်ကျသော လက်ဆေးခြင်းအစရှိသော ကျန်းမာရေးအသိပညာပေး ဟောပြောမှုများနှင့် လက်တွေ့သရုပ်ပြမှုများကို ပြုလုပ်ပေးကြောင်း ခရိုင်ပြန်/ဆက်မှ သိရှိရသည်။ 

 

MDN