မြောက်ဦး ၁၄ ဇူလိုင်


    
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေ ရေကြီးရေလျှံမှုသည် ဇူလိုင် ၁၂ ရက်မှ ယနေ့အထိ ရေကြီးနစ်မြုပ်လျက်ရှိရာ  မြို့ပေါ်နှင့် ကျေးရွာမြေနိမ့်ပိုင်း ဒေသများမှ ပြည်သူများ ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။


    
ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရမ်းချောင်းတောင်ကျရေ စီးဆင်းလျက်ရှိရာ ချောင်းတစ်လျှောက်ရှိ ကျေးရွာများဖြစ်သော ကျီရာပြင်၊ ပေါက်ပင်ကွင်း၊ အိုးထိမ်းရွာနှင့် ပြိုင်းချကျေးရွာများ ရေနစ်မြုပ်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများမှာ ကျေးရွာရှိ နီးစပ်ရာဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာရှိ ခိုင်ခံ့သော နေအိမ်များတွင် ခိုလှုံလျက်ရှိကြောင်း သိရသည်။


    
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေမှာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်၍ ပန်းဈေးမြောင်းချောင်းမှတစ်ဆင့် မြောက်ဦးမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သော ဆင်ချဆိပ်၊ ကြက်လျှာကျွန်း၊ ကြက်ဈေးရပ်ကွက်တို့ ရေကြီးနစ်မြုပ်လျက်ရှိပြီး မြေနိမ့်ပိုင်း ကျေးရွာများဖြစ်သော ရွှေထွန်းဖြူ၊ စေတီကုန်း၊ ရှမ်းတောင်၊ ဆီသည်ရွာနှင့် ကိုင်းတောကျေးရွာများမှာလည်း ရေကြီးနစ်မြုပ်လျက်ရှိကြောင်း သိရှိရသည်။ 

 

ခရိုင်(ပြန်/ဆက်)