မြောက်ဦး ၁၁ ဇူလိုင်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေး ဆောင်ရွက်နေသည့် ရေတွင်းရေကန်များ၊ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ဇူလိုင်လ ပထမပတ်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေပေးဝေရေးလုပ်ငန်းများမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီဖြစ်သည့် "Royal Sea View" ကုမ္ပဏီက ဇင်္ဂလနီကုန်းကျေးရွာ၊ ပုရိန်ကုန်းကျေးရွာနှင့် ပီပင်ကုန်းကျေးရွာတို့တွင် အကျယ် ၈ ပေ၊ အနက် ၂၅ ပေရှိ ရေတွင်းများကို တာဝန်ယူ တူးဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ ဆောင်ရွက်ပြီးစီးမှု များအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီမှု ရှိ/မရှိ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းရန်နိုင်သူနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၄ ရွာတွင် ရေကန် (၇)ကန်၊ ရေတွင်း (၇)တွင်း တူးဖော်ဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာများရှိ အိမ်ထောင်စု ၁၈၆၁ စုမှ လူဦးရေ ၉၅၇၃ ဦးတို့မှာ သန့်ရှင်းသော သောက်သုံး ရေများ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
တင်ထွန်းဦး (ခရိုင် ပြန်/ဆက်)


