မြောက်ဦး  ၁၁  ဇူလိုင်

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများ သန့်ရှင်း​သော သောက်သုံးရေ ဖူလုံစွာရရှိ​ရေး​ ဆောင်ရွက်​နေသည့် ​ရေတွင်းရေကန်များ၊ ​ရေ​ပေး​ဝေ​ရေးလုပ်ငန်းများ ​​ဆောင်ရွက်ပြီးစီးမှုအား ဇူလိုင်လ ပထမပတ်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေပေးဝေရေးလုပ်ငန်းများမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ​ရေးနှစ်အတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီဖြစ်သည့် "Royal Sea View" ကုမ္ပဏီက ဇင်္ဂလနီကုန်းကျေးရွာ၊ ပုရိန်ကုန်းကျေးရွာနှင့် ပီပင်ကုန်းကျေးရွာတို့တွင် အကျယ် ၈ ပေ၊ အနက် ၂၅ ပေရှိ ရေတွင်းများကို တာဝန်ယူ တူးဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ ဆောင်ရွက်ပြီးစီးမှု များအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီမှု ရှိ/မရှိ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းရန်နိုင်သူနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာ​ရေးနှစ်အတွင်း မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၄ ရွာတွင် ရေကန် (၇)ကန်၊ ရေတွင်း (၇)တွင်း တူးဖော်ဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာများရှိ အိမ်ထောင်စု ၁၈၆၁ စုမှ လူဦးရေ ၉၅၇၃ ဦးတို့မှာ သန့်ရှင်းသော သောက်သုံး ရေများ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ​ပြောပြချက်အရ သိရသည်။

 

တင်ထွန်းဦး (​ခရိုင် ပြန်/ဆက်)