မြောက်ဦး ၂၁ မေ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံရောက်ရှိနေသောပြည်သူများကို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီမှ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ စခန်းများရှိရာသို့ သွားရောက်ပြီး စခန်းတာဝန်ခံများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မူမူသွင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြောက်ဦးမြို့ ပေါ်ရှိခိုလှုံရာ ကယ်ဆယ်ရေးစခန်းများဖြစ်သော ထမ္မရာဇ်ရပ်ကွက်သစ် ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၂၃ စုမှ လူဦးရေ ၇၂ ဦးအတွက် ဆန် ၂၇ အိတ်၊ ကျောက်ရာဇ်ကေဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု ၂၂ စုမှ လူဦးရေ ၇၀ အတွက် ဆန် ၂၆ အိတ် ၆ ပြည်၊ နရတ်စားဘုရားသိမ်ရှိ အိမ်ထောင်စု ၃၉ စုမှ လူဦးရေ ၁၃၉ ဦးအတွက်ဆန်ရိက္ခာ ၅၂ အိတ် ၃ ပြည်၊ အောင်စေတီဘုရားသိမ်ရှိ အိမ်ထောင်စု ၇၀ စုမှ လူဦးရေ ၂၇၂ ဦးအတွက် ဆန်ရိက္ခာ ၁၀၂ အိတ်တို့အား ကယ်ဆယ်ရေးစခန်းရှိ စခန်းတာဝန်ခံများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရှိရသည်။
ထို့နောက်ခိုလှုံရာကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများကိုယ်စား ထမ္မရာဇ်ရပ်ကွက် ကယ်ဆယ်ရေး စခန်းတာဝန်ခံ ဦးရွှေမင်းသန်းက လတ်တလောစားဝတ်နေရေးအတွက် ယ္ခုလိုဆန်ရိက္ခာများ လာရောက် ထောက်ပံ့ပေးအပ်သည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမှလည်း ကယ်ဆယ်ရေးစခန်းရှိ ပြည်သူများအတွက် လိုအပ်နေသော သောက်သုံးရေနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း လိုအပ်သလို ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN
