ရန်ကုန် ၃၀ သြဂုတ်
မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း အောင်မြင်စွာ တင်သွင်းနိုင်ရေးနှင့်စပ်လျဉ်း၍ ပြည်တွင်း ပြည်ပ ပညာရှင်များ ပါဝင်သည့် အဆိုပြုစာတွဲ(မူကြမ်း) Nomination Dossier(Draft)အား ပြင်ဆင် ဖြည့်စွက် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန်ဌာနခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်းက ရေးသားပြီးစီးခဲ့သည့် အဆိုပြုစာတွဲ(မူကြမ်း)ကို အချက် အလက်များမှန်ကန်ရေး၊ လိုအပ်သည့်အချက်အလက်များ ဖြည့်စွက်ရေး၊ ဓာတ်ပုံ၊ မြေပုံစသည့် အချက်အလက်များကို သြဂုတ် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ပြည် တွင်းပညာရှင်များ၊ ကော်မတီ၊ ဆပ်ကော်မတီဝင်များက ကြိုတင်ဆွေးနွေး သုံးသပ် ခဲ့ကြပြီး သြဂုတ် ၂၄ ရက်မှ ၂၉ ရက်အထိ ပြည်ပပညာရှင်များနှင့် ထပ်မံညှိနှိုင်း ဆွေးနွေးခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများအနေဖြင့် မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် များစွာအထောက်အပံ့ပေးလျက်ရှိ ကြောင်း၊ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရပါက ဒေသခံများ၏ လူမှုစီးပွားဘဝ အပြင် ဒေသ၏ဂုဏ်သိက္ခာကိုပါ ကမ္ဘာ့အလယ်၌ ဂုဏ်ယူဝံ့ကြွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေး လုပ်ငန်းများ၌ ပြည် နယ်အစိုးရမှ ပံ့ပိုးကူညီဆောင်ရွက်မှုအခြေအနေများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဆိုပြုစာတွဲ(မူကြမ်း) ရေးသား ပြီးစီးမှုအခြေအနေများ၊ အဆိုပြုစာတွဲရေးသားပြုစုရေးဥက္ကဋ္ဌက အဆိုပြုစာတွဲအား စိစစ်ပြင်ဆင် ညှိနှိုင်းခဲ့မှုအခြေအနေများနှင့် ပြည်ပ ပညာရှင် Dr. Shika Jane က အဆိုပြုစာတွဲ ပြုစုရေးသားခဲ့မှုတို့ကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၂၂ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့ရာ ကော်မတီနှင့် ဆပ်ကော်မတီဝင်များ၊ ပြည်ပ ပညာရှင်များ၊ ပြည်တွင်း နှင့် ဒေသခံပညာရှင်များက မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းသို့ တင်သွင်းသည့် အဆိုပြုစာတွဲ၌ ထည့်သွင်းဖော်ပြမည့် သမိုင်းဆိုင်ရာ၊ ရှေးဟောင်း သုတေသနဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်များ မှန်ကန်ရန်စိစစ်ခြင်း နှင့် ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက်အလက်များကို ထပ်မံဖြည့်စွက်မှုများ ဆောင်ရွက်ကြကြောင်း သိရသည်။
(သတင်းစဉ်)


