မော်လိုက် ၁၉ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးကြီး အတွင်းရှိ ပျံကျဈေးသည်များအား စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းမှစတင်၍ မြို့တော်ခန်းမရှေ့တွင် ယာယီပျံကျဈေးအဖြင့် ပြောင်းရွှေ့ဖွင့်လှစ်ပေးထားကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အဆိုပါ မြို့မဈေးကြီးအတွင်းရှိ ပျံကျဈေးသည်များအား လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် မြို့မဈေးကြီးအတွင်း လူစုလူဝေးများ မဖြစ်ပေါ်စေရန်နှင့် ဈေးရောင်း ဈေးဝယ် ပြည်သူများ အလွယ်တကူ ဝယ်ယူနိုင်ရေးအတွက် ပြောင်းရွှေ့ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
မော်လိုက်မြို့မဈေးကြီးတွင် မှတ်ပုံတင်ဆိုင်ခန်း(၂၂၅)ခန်းအား မူလအတိုင်း ရောင်းချခွင့်ပြုထားပြီး ပျံကျဈေးသည်(၁၃၅)ဆိုင်အတွက် မြို့တော်ခန်းမရှေ့တွင် ယာယီပျံကျဈေးအဖြစ် နံနက် ၆ နာရီမှ နံနက် ၁၀ နာရီအထိ အချိန်အကန့်အသတ်ဖြင့် နေရာများသတ်မှတ်ပေးကာ ခွင့်ပြုပေးထားကြောင်း သိရသည်။
ယင်းပျံကျဈေးသို့ ခရိုင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်နှင့် တာဝန်ရှိသူများက ဈေးရောင်းဈေးဝယ်ပြည်သူများအား မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ အပူချိန်တိုင်းတာပေးနေမှု၊ လက်ဆေးဘေစင်များ ဆောင်ရွက် ထားရှိမှု၊ ပြည်သူများ နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ၊ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများအတွက် နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မော်လိုက်သားလေး


