မော်လိုက် ၂၈ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် သြဂုတ်လ ၂၈ ရက် နံနက်ပိုင်းမှစတင်၍ ပါးစပ်နှာခေါင်းစည်းများအား တပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက်သွားလာသူများအား စတင်ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ရာ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူ (၈)ဦးအား ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။
“ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြင်ပထွက်ရာတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းဖြစ်သည့် ပါးစပ်နှာခေါင်းစည်းများအား တပ်ဆင်ပြီးမှ သွားလာကြရန် အသိပညာပေးခြင်းကို (၃)ရက်တိုင်တိုင် လုပ်ဆောင်ပေးခဲ့ပြီး ယနေ့မှစတင်၍ ဖမ်းဆီးအရေးယူခြင်း ဖြစ်ကြောင်း၊ ယခင်ကလည်း ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိဘဲ အိမ်ပြင်ပ သွားလာ နေသူများကိုလည်း ဖမ်းဆီးအရေးယူမှုများလည်း ရှိခဲ့ကြောင်း၊ ယခုအခါ COVID-19 ရောဂါ ကူးစက်မှု ပြန်လည် မြင့်တက်လာသည့်အတွက် မိမိမြို့နယ်အတွင်း ရောဂါကူးစက်မှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်ရခြင်းဖြစ်ကြောင်း” မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မော်လိုက်မြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ခရိုင်/မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံသန္ဓေမီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့မှ ပူးပေါင်းဖမ်းဆီးကာ မြို့နယ်တရားရုံးတွင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး မြို့ဝင်၊ မြို့ထွက် နေရာများ၊ ရေယာဉ်ဂိတ်နှင့် သက္ကယ်ကျင်း-ဖောင်းပြင်-ခန္တီး ဗျူဟာလမ်းဘေးရှိ တောင်းအင်ကျေးရွာတို့တွင် သြဂုတ်လ ၂၉ ရက်နေ့မှစတင်၍ လုံခြုံရေးနှင့် ကျန်းမာရေး စစ်ဆေးရေးဂိတ်များကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မော်လိုက်သားလေး


