မော်လိုက် ၁၀ ဇူလိုင်            


စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်၊ လောင်းကောင်းကျေးရွာအုပ်စု ညောင်ဝန်းကျေးရွာ၌ ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းပါးများပြိုကျ၍ မြစ်ကမ်းဖြင့်နီးကပ်နေသော လူနေအိမ်(၅)လုံးအား ဇူလိုင်လ ၁၀ ရက်နေ့က ကြိုတင်ရွှေ့ပြောင်းထားရကြောင်း ညောင်ဝန်းကျေးရွာ ရာအိမ်မှူးထံမှ သိရသည်။


ညောင်ဝန်းကျေးရွာသည် ချင်းတွင်းမြစ်ကမ်းဘေးတွင် တည်ရှိပြီး နှစ်စဉ်ကမ်းပါးပြိုကျမှုများဖြင့် ရင်ဆိုင်နေကြရပြီး၊ ယခုလတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ကာကွယ်ခြင်း အနေဖြင့် လူနေအိမ် စုစုပေါင်း (၅)လုံး ရွှေ့ပြောင်းထားရကြောင်းနှင့် ၂၀၁၇ ခုနှစ်ကလည်း မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ငါးလုံးခန့် ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။


ယခုရွှေ့ပြောင်းလိုက်ရသည့် နေအိမ်များသည် မြစ်ကမ်းပါးနှင့် အလွန်နီးကပ်လာပြီး အန္တရာယ်ရှိ လာသည့်အတွက် ကြိုတင်ရွှေ့ပြောင်းရခြင်းဖြစ်ကြောင်း၊ ညောင်ဝန်းကျေးရွာ၏ နှစ်စဉ်ဖြစ်ပေါ် နေရသည့် မြစ်ကမ်းပါးပြိုကျမှုများ လျော့နည်းရေးအတွက် ညောင်ဝန်းကျေးရွာအထက်ဘက်တွင် ရေကာတာ သုံးခုလောက်ကို ထပ်မံဆောင်ရွက်ပေးစေလိုကြောင်းနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးစေလိုကြောင်း ညောင်ဝန်းကျေးရွာ ရာအိမ်မှူး ဦးကံဆင့် ထံမှ သိရသည်။


အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းကြရသည့် ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အနေဖြင့်လည်း ရွှေ့ပြောင်းထားရသည့် နေအိမ်(၂)လုံးအား ထောက်ပံ့ပေး သွားမည်ဖြစ်ပြီး ဆက်လက်၍ စာရင်းများရရှိလာပါက အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း၊ မော်လိုက် မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ထောက်ပံ့နိုင်ရေး အိမ်ထောင်စု(၅၀ဝ)အတွက် ထောက်ပံ့ရေးပစ္စည်းများ အဆင့်သင့် သိုလှောင်ထားရှိပြီးဖြစ်ကြောင်းနှင့် မြစ်ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းကြရသည့် နေအိမ်များအတွက် တစ်အိမ်လျှင် ကျပ်(၁)သိန်းနှုန်းဖြင့် လည်းကောင်း ထောက်ပံ့ရေးပစ္စည်း(၁၀)မျိုးပါ ပုံးတစ်ပုံးနှင့် တစ်ပတ်စာ ဆန်ဖိုး တစ်ဦးလျှင် ကျပ်(၂၁၀ဝ) တို့ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


ယင်းမြစ်ကမ်းပါးပြိုကျရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုသိန်း၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့သည် ဇူလိုင်လ ၄ ရက်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ပြီးဖြစ်ရာ ကမ်းပြိုကာကွယ်ထိန်းသိမ်းရေးအတွက် ရေစီးထိန်းသိမ်းခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများသို့ တင်ပြပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြောင်းရွှေ့ ခဲ့ရသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးတို့ကိုလည်း ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ချိတ်ဆက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ထံမှ သိရသည်။

            
မော်လိုက်သားလေး