မော်လိုက် ၅ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအားလုံး ရာသီဥတုပူပြင်းမှုကြောင့် ကျောင်းတက်ချိန်များအား ဇွန် ၄ ရက်မှစတင်၍ ပုံမှန်ကျောင်းတက်ချိန် မဟုတ်ဘဲ နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီထိ ယာယီပြောင်းလဲဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
“အခုလို ကျောင်းတက်ချိန်များအား ယာယီပြောင်းလဲ သင်ကြားသွားရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဇွန် ၃ ရက်နေ့ ရက်စွဲဖြင့် ရာသီဥတု ပူပြင်းသောကြောင့် ကျောင်းတက်ချိန်များ ပြောင်းလဲ သင်ကြားရန် ညွှန်ကြားချက် ထုတ်ပြန်ပေးခဲ့သည့်အတွက် ကျောင်းတက်ချိန် ပြောင်းလဲဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ယခုညွှန်ကြားချက်စာကိုလည်း မြို့နယ် ပညာရေးမှူးရုံးများမှတစ်ဆင့် အခြေခံပညာကျောင်းများ အားလုံးနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကိုပါ ထပ်ဆင့်ညွှန်ကြားပေးထားပြီး ကျောင်းများ အားလုံးကလည်း ညွှန်ကြားချက်အတိုင်း ကျောင်းတက်ချိန်ကို နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီထိ ပြောင်းလဲ သင်ကြားပေးလျက်ရှိကြောင်း၊ ပုံမှန်ကျောင်းတက်ချိန်အတိုင်း ပြန်လည်ပြောင်းလဲ သင်ကြားသွားရန် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားချက်ထွက်ရှိလာမှသာ ပြောင်းလဲသင်ကြားသွားမည်ဖြစ်ကြောင်း” ခရိုင်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မော်လိုက်မြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၅)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (၁)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၇)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) (၁၅)ကျောင်း၊ အခြေခံပညာ မူလတန်း(လွန်)ကျောင်း (၁၀)ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း (၃၈)ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း(ခွဲ) (၁)ကျောင်းနှင့် တပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၇၈)ကျောင်းရှိရာ ဇွန် ၄ ရက်မှစတင်၍ ကျောင်းတက်ချိန်များအား ယာယီပြောင်းလဲ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
မော်လိုက်သားလေး