မော်လမြိုင် ၁၈ သြဂုတ်
မွန်ပြည်နယ် မော်လမြိုင်မြို့ COVID-19 ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစေရေးနှင့် အဆင့်မြင့်မြင့်သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားမှ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် လေအိတ်မီးရထား အမှတ်-၈၃ အဆန် ရန်ကုန်-မော်လမြိုင်နှင့် အမှတ်-၈၄ အစုန် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်ကို ဩဂုတ် ၂၂ ရက်နေ့မှစ၍ နေ့စဉ်ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှတ်-၈၄ အစုန် မော်လမြိုင်-ရန်ကုန် ရထားသည် ည ၉ နာရီမှ ထွက်ခွာပြီး နံနက်(၇)နာရီတွင် ရန်ကုန်သို့ရောက်ရှိမည်ဖြစ်ပြီး အမှတ်-၈၃ အဆန် ရန်ကုန်-မော်လမြိုင် ရထားသည် ည ၈ နာရီမှ ထွက်ခွာပြီး နံနက် ၅ နာရီတွင် မော်လမြိုင်သို့ရောက်ရှိမှာဖြစ်ကြောင်း ရထားလက်မှတ်ခအနေဖြင့် ရိုးရိုးတန်း ၄၀၀ဝ ကျပ်နှင့် အထက်တန်း ၈၀၀ဝ ကျပ်ဖြစ်ပြီး ရထားလက်မှတ်များကို တစ်ရက်ကြိုတင်၍ နံနက် ၇ နာရီတွင် စတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လေအိတ်မီးရထားသည် တွဲဆိုင်း ၉ ခုရှိပြီး၊ ရိုးရိုးတန်း ၅ တွဲနှင့် အထက်တန်း ၄ တွဲပါရှိပြီး လမ်းတွင် ပေါင်၊ သထုံ၊ တောင်စွန်း၊ကျိုက်ထို၊ ပဲခူး ဘူတာ ငါးခု ရပ်နားသွားမည်ဖြစ်ကြောင်း လေအိတ်မီးရထားသည် သန့်ရှင်းမှုအထူးကောင်းမွန်ပြီး တွဲဆိုင်းများတွင် CCTV ကင်မရာများ တပ်ဆင်ထားခြင်း၊ ဖုန်းအားသွင်းနိုင်သည့် နေရာများပါရှိခြင်း၊ အမှိုက်စွန့်ပစ်သည့် နေရာများဖြင့် ခရီးသည်များအတွက် စနစ်တကျ ဆောင်ရွက်ထားရှိကြောင်း မြန်မာ့မီးရထား အမှတ်(၈)တိုင်း မော်လမြိုင်ထံမှ သိရသည်။
စမ်းစမ်းနွယ်