မော်လမြိုင် ၂၈ သြဂုတ်
နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသည့် CERP အစီအစဉ်အရ ကိုဗစ်-၁၉ ရောဂါ ကုစားမှုအနေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ်(၆) မြို့နယ်တွင် Cash For Work စီမံကိန်းကို ကျေးရွာ (၆၈)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းခွဲပေါင်း ၂၂၀ ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ ဝင်ငွေများရရှိနေကြောင်း မော်လမြိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးနိုင်က ပြောသည်။
မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မော်လမြိုင်မြို့နယ်တွင် ကျေးရွာ(၂)ရွာ၌ လုပ်ငန်းခွဲ(၉)ခု၊ ကျိုက်မရောမြို့နယ်တွင် ကျေးရွာ (၁၃) ရွာ၌ လုပ်ငန်းခွဲ(၂၉)ခု၊ ရေးမြို့နယ်တွင် ကျေးရွာ(၂၅)ရွာ၌ လုပ်ငန်းခွဲ(၁၀၃)ခု၊ ချောင်းဆုံမြို့နယ်တွင် ကျေးရွာ(၁၃)ရွာ၌ လုပ်ငန်းခွဲ (၃၇)ခု၊ မုဒုံမြို့နယ်တွင် ကျေးရွာ(၄)ရွာ၌ လုပ်ငန်းခွဲ(၁၀)ခု၊ သံဖြူဇရပ်မြို့နယ်တွင်ကျေးရွာ (၁၁)ရွာ၌ လုပ်ငန်းခွဲ(၃၂)ခု၊ စုစုပေါင်းကျေးရွာ ၆၈ ရွာတို့တွင် လုပ်ငန်းခွဲပေါင်း ၂၂၀ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ Cash For Work စီမံကိန်းသည် ကျေးရွာတစ်ရွာလျှင် စီမံကိန်းပံ့ပိုး ရန်ပုံငွေကျပ်သိန်း (၁၀၀)စီ၊ စုစုပေါင်း ပံ့ပိုးရန်ပုံငွေ ကျပ်သန်း(၆၈၀)ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ကျေးရွာတွင်း လမ်းခင်းခြင်း၊ လမ်းပြုပြင်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းတူးဖော်ခြင်းနှင့် စာသင်ကျောင်းပြုပြင်ခြင်း လုပ်ငန်းအပြင် အခြားလုပ်ငန်းများကိုလည်း ကျေးရွာလူထု ကိုယ်တိုင်ရွေး ချယ်၍ ယင်းလုပ်ငန်းများတွင် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်စေခြင်းဖြင့် လက်ငင်းလုပ်အားခ ရရှိမည် ဖြစ်ပြီး အဆိုပါ လုပ်ငန်းများအား သုံးလအတွင်း လုပ်ငန်းများပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်ဖြစ်ကြောင်း သိရသည်။
ယခုအခါ မော်လမြိုင်ခရိုင်ချုပ်အနေဖြင့် လုပ်ငန်းခွဲများ ပြီးစီးမှုမှာ (၇၀ ဒသမ ၇၅) ရာခိုင်နှုန်းခန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပြီး ကျန်ရှိသည့် လုပ်ငန်းခွဲများကိုလည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလကုန်တွင် စီမံကိန်းလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်း လုပ်ငန်းများပြီးစီးပါက မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်တို့မှ ကျေးရွာပေါင်း ၆၈ ရွာရှိ အိမ်ထောင်စု ၁၇၄၀၁ စုတို့သည် လုပ်အားခရရှိပြီး ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း မော်လမြိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးနိုင်က ပြောပြ၍ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများ၏ ကျေးရွာများတွင် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခငွ ပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာများတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စီမံကိန်းအား ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မော်လမြိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနမှ သိရသည်။
မြင့်ဦး(မြိတ်)


