မေ  ၁၄ မော်လမြိုင်ကျွန်း  


ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် လှိုင်းဘုန်းကျေးရွာအုပ်စုရှိ ကျေးရွာ လေးရွာ၌ သောက်သုံးရေ ပြတ်လပ်မှုကြောင့် မေ ၁၂ ရက်က သောက်သုံးရေ ဂါလန် ၆၀ဝ၀ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ထိုသို့ ဖြန့်ဝေလှူဒါန်းရာတွင် မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးနေဝင်းနှင့် ဝန်ထမ်းများက သောက်သုံးရေ ဂါလန် ၆၀ဝ၀ ကို လှိုင်းဘုန်းကျေးရွာအုပ်စုရှိ စလူချောင်းကျေးရွာ၊ လမုတပင်ကျေးရွာ၊ လိပ်ချောင်းကျေးရွာ၊ စိန်ပန်းကျေးရွာ စုစုပေါင်းကျေးရွာ လေးရွာတို့မှ ရာအိမ်မှူးများ၏ နေအိမ်အနီး စုရပ်ထားကာ ရေသယ်စက်လှေဖြင့် ဖြန့်ဝေပေးကြောင်း သိရသည်။


`မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကျေးရွာတွေမှာ ရေပြတ်လပ်နေတယ်ဆိုတာကို သိလျှင်သိချင်း ရေသယ်ယာဉ်တွေ စီစဉ်ပြီး ရေသွားရောက်လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ရေပြတ်လပ်မှု မကြုံတွေ့ရအောင် ကျေးရွာတွေမှာ ရေရရှိနိုင်မယ့် နည်းလမ်းများကို အကြံပြုစီစဉ် ဆောင်ရွက်ပေးခဲ့ပါတယ်။ လှိုင်းဘုန်းကျေးရွာအုပ်စုသာမက မြို့နယ်အတွင်းရှိ အခြားသော ကျေးရွာအုပ်စုများ အတွက်လည်း အခြားဌာနအဖွဲ့အစည်း၊ အလှူရှင်များနှင့် ပူးပေါင်းချိတ်ဆက်ပြီး ယခုလိုသောက်သုံး ရေအတွက် ဖြန့်ဝေလှူဒါန်းသွားမှာပါ´ဟု မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးနေဝင်းက ပြောသည်။


မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေပြတ်လပ်မှုများ ကြုံတွေ့ရပါက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ဖုန်းနံပါတ် ဝ၉-၄၂၅၈၀၅၄၉၉ သို့ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သိရသည်။


မင်းမြင့်မိုရ်(ငါန်းဇွန်)