မော်လမြိုင် ဇူလိုင်၂၈
မော်လမြိုင်မြို့ ငန်းတေး ရပ်ကွက် ငန်းတေး-ကျိုက်မ ရော ကားလမ်းမကြီးဘေး အရှေ့တောင်ဘက် ၁ မိုင်ခန့်အကွာတွင် ဇူလိုင် ၂၇ ရက် ည ၇ နာရီက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ငန်းတေးရပ်ကွက် အလျားပေ ၂၀ ၊ အနံ ၃၅ပေ အမြင့် ၂၅ ပေ ရှိ RC နှစ်ထပ် အမျိုးအစား နေအိမ်သည် ဝါယာရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ကြားသိရသဖြင့် မီးလောင်ရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ယု၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယုနှင့်အဖွဲ့၀င်များ၊ မြို့နယ်ရဲမှူး မျိုးမြင့် နှင့် တပ်ဖွဲ့၀င်များ၊ မြို့နယ် မီးသတ်ဦးစီးမှူးဦးစိုးကျော်သူနှင့်တပ်ဖွဲ့၀င်များက မီးသတ်ယာဉ် ၄ စီး ၊ရေသယ်ယာဉ် ၄ စီး၊ အုပ်ချုပ်ရေးယာဉ် ၁ စီးတို့ဖြင့် ဝိုင်း၀န်းငြိမ်းသတ်ခဲ့ရာ ည ၇နာရီခွဲ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အပေါ်ထပ်ရှိ ပရိဘောဂပစ္စည်းများ အသုံး အဆောင်ပစ္စည်းများ နေအိမ်မျက်နှာကျက်များ မီးလောင်ကျွမ်းပျက်စီးသွားပြီး လူများထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)