မော်လူး  ၇  ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့တွင် မိုးဦးကာလ တောင်သူများပျိုးကြဲရန် ရေလုံလောက်စွာမရရှိသဖြင့် ကျောက်ဆည်ရေကို အချိုးကျခွဲဝေသုံးစွဲနေရသကဲ့သို့ မော်လူးမြို့ပေါ်ရပ်ကွက်များမှ အဆိုပါ ချောင်းရေကို ခွဲဝေသုံးစွဲမှုမှာလည်း လုံလောက်မှုမရှိကြောင်း သိရသည်။

 

" အဓိကတော့ မမိုးမရွာလို့ ကျောက်ဆည်ရေ ခမ်းခြောက်နေတာကြောင့် တောင်သူတွေ ပျိုးကြဲဖို့ကျောက်ဆည်ရေကို ခွဲဝေသုံးစွဲနေပါတယ်။ မြို့ပေါ်ရပ်ကွက်အချို့မှာ ရေလုံးဝမလာတော့ သောက်သုံးရေ အခက်အခဲရှိနေပါတယ်။ တောတောင်သဘာဝစိမ့်စမ်းရေတွေက မိုးမရွာလို့ခမ်းခြေက်နေပါတယ် "ဟု မော်လူးမြို့မှ သဘာဝစိမ့်စမ်းရေရရှိရေးကော်မတီအဖွဲ့ဝင် ဦးတင်ငွေ(ညိုမင်းထက်)က ပြောကြားသည် ။

 

" ကျွန်တော်တို့အိမ်မှာ သောက်သုံးရေပြတ်လပ်နေပါပြီ ကျောက်ဆည်ချောင်းမှ သဘာဝစိမ့်စမ်းရေခမ်းခြောက်လို့  မြို့ပေါ်ရပ်ကွက် ရေပေးဝေရေးကရေပိုက်တွေမှာလည်း ရေလုံလုံလောက်လောက် မရပြန်ဘူး ဒါကြောင့်ရေလာတဲ့အိမ်တွေမှာလာရောက်ခတ်ယူရပါတယ်" ဟုမော်လူးမြို့မင်းဇေယျာရပ်ကွက်မှ ဦးအောင်စိုးမိုးကပြောကြားသည် ။

 

မော်လူးမြို့တွင် သောက်သုံးရေအတွက် ကျေက်ဆည်သဘာဝ စိမ့်စမ်းရေပိုက်သွယ်ယူရေးနှင့် ကရင်ရွာစိမ့်စမ်းရေ ကန်ရေပိုက်သွယ်ယူရေးတို့မှ မြို့ပေါ်(၆)ရပ်ကွက်သို့ ရေများကို ပေးဝေလာသည်မှာ နှစ်ပေါင်း(၂၀)ခန့်ရှိပြီး ယခုအခါ ပထမအကြိမ်ရေပြတ်လပ်မှုနှင့်ကြုံတွေ့နေရကြောင်း၊ ယခုနှစ်သည် နေပူရှိန်လွန်ကဲလာသဖြင့် သဘာဝတောတောင်မှ စိမ့်စမ်းရေခမ်းခြောက်လာရခြင်းဖြစ်သကဲ့သို့ မိုးရွာသွန်းမှုမှာလည်းနဲပါးလာခြင်းကြောင့်လည်ကောင်း၊ ဒေသခံပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကိုထိမ်းသိမ်းစောက်ရှောက်ခြင်း၊ လက်ရှိသုံးစွဲနေသော သဘာဝစိမ့်စမ်းရေမှ ရေများကိုသုံးစွဲရာတွင် စည်းကမ်းတကျ ချွေတာသုံးစွဲကြရန်နှင့် သုံးစွဲပြီးပါက ရေပိုက်များကို ပိတ်ထားခြင်းဖြင့် ရေမဆုံးရှုံးရန် လိုအပ်ကြောင်း သဘာဝစိမ့်စမ်းရေပေးဝေရေး ကော်တီမှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

 

MDN