မြောင်းမြ ၂၆ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign အဖြစ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို လူစည်ကားနေရာဖြစ်သည့် မြို့မဈေးကြီးရှေ့၊ ၇ လမ်း၊ ဦးဘချိုရင်ပြင်၊ ၁၂ လမ်း လမ်းဆုံ၊ ကွယ်လွယ်မြို့အဝင်ဂိတ်နှင့် လပွတ္တာမြို့အထွက်လမ်းဆုံတို့တွင် အဖွဲ့ ၄ ဖွဲ့ခွဲ၍ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ကို မြို့နယ် COVID-19 ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနှင့် ဝန်ထမ်းများ၊ မြို့နယ် COVID-19 ကော်မတီအဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် မြို့နယ် လူငယ်ရေးရာကော်မတီအဖွဲ့များက COVID-19 ဒုတိယလှိုင်း မဖြစ်ပွါးရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
“COVID-19 ဒုတိယလှိုင်း မဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်နေပြည်သူများအနေဖြင့် လူစုလူဝေးနေရာများကို ရှောင်ကျဉ်ကြဖို့၊ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက နှာခေါင်းစည်း Mask ကို မဖြစ်မနေ တပ်ဆင်ပြီးမှသာ ထွက်ခွာသွားလာကြဖို့ အသိပညာပေးအနေနဲ့ Mask Campaign ကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်”ဟု မြို့နယ် COVID-19 ကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောကြားသည်။
မြောင်းမြမြို့ပေါ်နှင့် မြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့်အညီ နေထိုင်သွားလာစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ် ရပ်ကွက်များနှင့် မြို့နယ်အတွင်း စဉ်ဆက်မပြတ် အသိပညာပေးနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မင်း(ပြန်/ဆက်)


