မြောင်းမြ ၂၇ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign အဖြစ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို လူစည်ကားနေရာဖြစ်သည့် မြို့မဈေးကြီးရှေ့၊ ၇ လမ်း၊ ဦးဘချိုရင်ပြင်၊ ၁၂ လမ်း လမ်းဆုံ၊ ကွယ်လွယ်မြို့အဝင်ဂိတ်နှင့် လပွတ္တာ မြို့အထွက်လမ်းဆုံတို့တွင် အဖွဲ့ ၄ ဖွဲ့ခွဲ၍ ယနေ့နံနက်ပိုင်းက ဒုတိယနေ့အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ကို မြို့နယ် ကိုဗစ်-၁၉ ကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကိုဗစ်-၁၉ ကော်မတီအဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် မြို့နယ် လူငယ်ရေးရာကော်မတီအဖွဲ့များက ကိုဗစ်-၁၉ ဒုတိယလှိုင်း မဖြစ်ပွားရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
"ကိုဗစ်-၁၉ ဒုတိယလှိုင်း မဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်ပြည်သူများအနေဖြင့် လူစုလူဝေး နေရာများကို ရှောင်ကျဉ်ကြပါ၊ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက နှာခေါင်းစည်း Mask ကို မဖြစ်မနေ တပ်ဆင်ပြီးမှသာ ထွက်ခွာသွားလာကြဖို့ အသိပညာပေးအနေဖြင့် Mask Campaign ကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်"ဟု မြို့နယ် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောကြားသည်။
မြောင်းမြမြို့ပေါ်နှင့် မြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့်အညီ နေထိုင်သွား လာစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်း စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေး လျက်ရှိကြောင်း သိရသည်။
အောင်မင်း(မြောင်းမြ)


