မြောင်းမြ ၁၇ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရက တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို တာဝန်ရှိသူများက ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် အခြေပြု၍ ယမန်နေ့က တစ်ပြိုင်နက်တည်း သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၂၉၃၅၁ စုတို့အတွက် တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၅၈၇၀၂၀၀၀၀ ကို မြို့ပေါ် (၁၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၈)အုပ်စုတို့သို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ဦးဆောင်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများက တိုက်နယ်အလိုက် ကျေးရွာများသို့ တစ်ပြိုင်နက် ကွင်းဆင်းပြီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့နယ်အနေဖြင့် ပထမအကြိမ် နိုင်ငံတော်မှ ထောက်ပံမှု အစီအစဉ်တွင် အချိန်တိုအတွင်း စာရင်းကောက်ယူရသည့် အခက်အခဲများကြောင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၂၇၇၂၇ စုကိုသာ ထောက်ပံ့ပေးနိုင်ခဲ့ပြီး ယခု နိုင်ငံတော်မှ ဒုတိယအကြိမ်မြောက်နှင့် ယခုတတိယအကြိမ် ထောက်ပံ့မှုမှတွင် ယခင်ကောက်ယူထားသော စာရင်းအရ အိမ်ထောင် ၂၇၇၂၇ စုအပြင် အကြောင်းအမျိုးမျိုးကြောင့် စာရင်းကျန်ရှိသဖြင့် ထပ်တိုးကောက်ယူရရှိသော အိမ်ထောင် ၁၆၀၀ စုနှင့် ပြည်ပပြန်များအနက်မှ အိမ်ထောင် (၂၄)စု စုစုပေါင်း အိမ်ထောင် ၂၉၃၅၁ စုကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အောင်မင်း(မြောင်းမြ)
