နေပြည်တော် ဒီဇင်ဘာ ၂၀
မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂)ဖြင့် ဆောင်ရွက်သော “စားနပ်ရိက္ခာဖူလုံမှုကို ခန့်မှန်းရန် ကောင်းကင်ဓါတ်ပုံအသုံးပြု သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ်စင်တာ ထူထောင်ခြင်း” စီမံကိန်းတွင်ပါဝင်သည့် “မောင်းသူမဲ့လေယာဉ် ကိုင်တွယ်အသုံးပြုခြင်း ဆင့်ပွားအလုပ်ရုံဆွေးနွေးပွဲ” ကို ယနေ့တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ်စင်တာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
လူအင်အားအသုံးပြုသီးနှံစိုက်ပျိုးမှုစာရင်းများ ကောက်ယူမှုအခြေအနေမှ မောင်းသူမဲ့လေယာဉ် (Drone) အသုံးပြု၍ သီးနှံစိုက်ပျိုးမှုစာရင်း ကောက်ယူသည့် စနစ်တစ်ခု ထူထောင်ရန် “စားနပ်ရိက္ခာဖူလုံမှုကို ခန့်မှန်းရန် ကောင်းကင်ဓါတ်ပုံ အသုံးပြု သီးနှံ အထွက်နှုန်း ဆန်းစစ်အကဲဖြတ်စင်တာ ထူထောင်ခြင်း” စီမံကိန်းကို မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂)ဖြင့် ဆောင်ရွက်ခဲ့ရာ စီမံကိန်းအရ ကောင်းကင်ဓါတ်ပုံ အသုံးပြု သီးနှံအထွက်နှုန်း ဆန်းစစ် အကဲဖြတ်စင်တာ အဆောက်အဦတစ်လုံး တည်ဆောက်ခြင်း ၊ သီးနှံစိုက်ပျိုးမှုအခြေအနေကို စောင့်ကြည့်ရန် မောင်းသူမဲ့ လေယာဉ်တစ်စီး ဝယ်ယူခြင်းတို့ဆောင်ရွက်ခဲ့သည်။ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် “လယ်ယာကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာကဏ္ဍနှင့် မြေအသုံးချမှု ဆိုင်ရာ စာရင်းအင်း၊ သတင်းအချက်အလက်များ ပံ့ပိုးပေးရေး” ကို အလေးထား ဆောင်ရွက်လျက်ရှိရာ ကွက်စိတ်မြေပုံ၊ ဧရိယာ မှတ်ပုံစာရင်း၊ ဦးပိုင်မှတ်ပုံစာရင်းနှင့် အခွန်စည်းကြပ် မှတ်ပုံစာရင်းများကို အခြေခံ၍ လယ်ယာကဏ္ဍဆိုင်ရာ စာရင်းများနှင့် မြေယာအသုံးချမှု စာရင်းများ ကောက်ယူပြုစုခြင်း လုပ်ငန်းကို လစဉ်၊ သုံးလပတ်၊ အကြိုနှစ်ချုပ်နှင့် နှစ်ချုပ် စာရင်းများအား ကောက်ယူပြုစုထုတ်ပြန် ဆောင်ရွက်လျက် ရှိသည်။လက်ရှိအချိန်တွင် ဌာနအနေဖြင့် သီးနှံစိုက်ပျိုးမှု စာရင်းများအား လူအင်အားအသုံးပြု ကောက်ယူပြုစုလျက်ရှိရာ အနာဂတ်ကာလတွင် မောင်းသူမဲ့လေယာဉ်(Drone) အသုံးပြုလျက် သီးနှံစိုက်ပျိုးမှုစာရင်း ကောက်ယူသည့်စနစ် တစ်ခုထူထောင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမောင်းသူမဲ့ လေယာဉ်အား ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ဗဟို မြေစာရင်း ဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၊ တိုက်ကြီးမြို့တွင် နိုဝင်ဘာလ (၂၀) ရက်မှ(၂၄)ရက်အထိ (၅)ရက်ကြာ သင်တန်းဖွင့်လှစ်ပို့ချခဲ့ပြီး အဆိုပါသင်တန်း တွင် ဝန်ထမ်း (၃၀) တို့ကို နည်းပညာသဘောတရားများ ဆွေးနွေးပို့ချခြင်း၊ လက်တွေ့ ပျံသန်း စေခြင်း နည်းလမ်းများဖြင့် သင်ကြားပို့ချခဲ့ပြီး ဖြစ်ကာ မောင်းသူမဲ့လေယာဉ် အသုံးပြု၍ ရရှိလာသည့် Data များကို ပထဝီဝင် အချက်အလက်များ ဖြင့် ပေါင်းစပ်ပြီး ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်စနစ်(Geographical Information System-GIS) ကိုပါ ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်