မောင်တော ၂၇ ဩဂုတ်
ရခိုင်ပြည်နယ် မောင်တောမြို့၌ ယာယီ ဆေးရုံအဖြစ် အသုံးပြုရန်အတွက် စီစဉ်ဆောင်ရွက်နေသော သီရိမင်္ဂလာ ခန်းမအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက သွားရောက် ကြည့်ရူစစ် ဆေးခဲ့ကြသည်။
ယခုအခါ မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ ထပ်မံတွေ့ရှိလာပြီ ဖြစ်သဖြင့် ပြည်သူ့ ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများပြားလာပါက ထားရှိရန် နေရာအခက်အခဲများစွာရှိသည့် အတွက် သီရိမင်္ဂလာခန်းမအား ယာယီဆေးရုံငယ် အဖြစ် အဆင်သင့် ထားရှိနိုင်အောင် စီစဉ်ဆောင်ရွက်လျှက်ရှိသည်။ အဆိုပါ ဆေးရုံငယ်တွင် အခန်း ၃၀ ပါရှိမည်ဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်လျှက်ရှိရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်၊ ဒုခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲ ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအေး သိန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကာ စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)


