မောင်တော ၂၃ အောက်တိုဘာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်း ၌ အောက်တိုဘာ ၂၂ ရက် နံနက် ၈ နာရီ ၁၅ မိနစ် က မိမိတို့သဘောဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့်နေရပ်စွန့်ခွာသူ အိမ်ထောင်စု ၅ စု ၊ အမျိုးသား ၁၈ ဦး ၊ အမျိုးသမီး ၁၁ ဦး လူဦးရေ ၂၉ ဦး အား ပြန်လည်စိစစ်လက်ခံရေးလုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်လက်ခံဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ လက်ခံဆောင်ရွက်ရာတွင် ရှေးဦးစွာ လုံခြုံရေးတာဝန်ရှိသူများက သတ်မှတ်နေရာ၌ တစ်ဦးချင်း လုံခြုံရေးဆိုင်ရာ ရှာဖွေစစ်ဆေးမှုများပြုလုပ်သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းစဉ်များ စိစစ်မှတ်တမ်းတင်ခြင်းအား ဆောင်ရွက်ရာတွင် အိမ်ထောင်စု ၅ စုရှိ ၊ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၈ ဦး ပေါင်း ၁၇ ဦးတို့အား NV Card ထုတ်ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ ပြန်လည်လက်ခံရေးလုပ်ငန်း စဉ်အား မွန်းတည့် ၁၂ နာရီ တွင်ပြီးစီးခဲ့သည်။
ဆက်လက်၍ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးထွန်းက လှဖိုးခေါင်ယာယီ နေရာချထားရေးစခန်းသို့ လွှဲပြောင်း ပို့ဆောင်ပေးရာ လှဖိုးခေါင်စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိုးရွှေအောင်နှင့် စခန်းတာဝန်ရှိသူများက ညနေ ၃ နာရီတွင်လွှဲပြောင်း/လက်ခံဆောင်ရွက်ကြပြီး ဆန်၊ ဆီ ၊ ဆား ၊ ပဲ ၊ မီးဖိုင်ချောင်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြန်လည်ဝင်ရောက်လာသူ အိမ်ထောင်စု ၅ စု၊လူဦးရေ ( ၂၉ ) ဦး တို့သည် ယခင်နေရပ် မောင်တောမြို့နယ် ၊ တောင်ပြိုလက်ဝဲမြို့ ၊ တောင်ပြိုယာ၊ မြောချောင်း၊ ကြိမ်ချောင်း ၊ ကျောက်ချောင်း(ရွာသစ်) ၊ ဒိုးတန်း ကျေးရွာတို့မှ ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ကာ ညနေ ၄ နာရီတွင် စခန်းမှ ပြန်လည်ထွက်ခွာသွားကြသည်။
ဇော်ဇော်ဆန်း( ပြန်/ဆက် )



