မောင်တော ၂၈ မေ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့ရှိ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အခြေခံအိမ်တွင်းမှုသင်တန်း အမှတ်စဉ် (၅၃/၂၀၁၉) နှင့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၄၉/၂၀၁၉) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မောင်တောခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာကြည်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းသို့ မြို့ပေါ်နှင့် ကျေးလက်နေ ဒေသခံတိုင်းရင်းသူ အခြေခံသင်တန်းသူ (၅၀)ဦးနှင့် အဆင့်မြင့်သင်တန်းသူ (၂၀)ဦး စုစုပေါင်း သင်တန်းသူ (၇၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၁၄)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်စင်မှ သဘာဝဘေး ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင် (၁၆၀)ကို ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အိမ်တွင်းမှု ပညာသင်တန်းကျောင်းမှ ဆရာမများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ခရိုင် ပြန်/ဆက်)