နေပြည်တော် ၂၉ ဩဂုတ်
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (၃/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဉက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအနေဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ မော်တော်ယာဉ် အရောင်းစင်တာ (၁၁၅)ခုနှင့် အရောင်းပြခန်း (၄၅)ခုကို ဖွင့်လှစ် ခွင့်ပြုပြီးဖြစ်ကြောင်း၊
ကော်မတီအနေဖြင့် မော်တော်ယာဉ် တင်သွင်းခြင်း အတွက် နှစ်စဉ် Model Year ကို သတ်မှတ်ထုတ်ပြန်လျက်ရှိပြီး ၂၀၂၀ ခုနှစ်၌ ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းအတွက် ခွင့်ပြုမည့် Model Year ကို အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ဆွေးနွေး ဆုံးဖြတ်ချက်နှင့် ကုန်သွယ်မှုလိုငွေပြမှု လျော့နည်းစေရန်၊ ပြည်တွင်းမော်တော် ယာဉ် တပ်ဆင်ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်အတွက် ရည်ရွယ်၍ သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များနှင့်အညီ ၂၀၁၉ ခုနှစ်မကုန်မီ ထုတ်ပြန်နိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ဖြည့် စွက်ဆွေးနွေးသည်။
သတင်းစဉ်


