ဝါးခယ်မ ၂၅ မေ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ ဒေသခံတောင်သူလယ်သမားများ၏ စိုက်ပျိုးမြေများ မြေဆီလွှာတိုးတက်ကောင်းမွန်စေရန် ထုံးထည့်ခြင်း သရုပ်ပြပွဲကို အူကျွန်းကျေးရွာ၊ သဲကုန်းကျေးရွာ၊ ကြာဖြူကျေးရွာတို့မှ တောင်သူဦးဘမြင့်၊ ဦးတိုးအောင်၊ ဦးဝင်းမြင့်တို့၏ လယ်ယာမြေ၌ ယမန်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးလယ်ယာမြေ၌ ထုံးကြဲပက်ခြင်းဖြင့် မြေချဉ်ငန်ကိန်း PH မြင့်တက်လာကာ အနည်းလို အာဟာရဓာတ်များကို စုပ်ယူမှုလျော့နည်းစေခြင်း၊ အဆိပ်သင့်ခြင်းကို တားဆီးပေးနိုင်ခြင်း၊ ဖော့စဖိတ်ဓာတ်များထိန်းချုပ်မှုမှ လွတ်မြောက်ကာ အပင်မှစားသုံးနိုင်သော အခြေအနေသို့ ရောက်ရှိခြင်း၊ ဓာတ်ဖိုဖလှယ်နိုင်မှုစွမ်းအား တိုးတက်လာစေခြင်း၊ သီးနှံပင်ကြီးထွားမှုကို အထောက်အကူပြုစေခြင်း၊ အဏုဇီဝပိုးများ၏ လှုပ်ရှားဆောင်ရွက်မှုကောင်းလာစေခြင်းတို့ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးလယ်ယာမြေ၌ ထုံးကြဲပက်ခြင်းအား ဒေသခံတောင်သူလယ်သမားများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း၊ တက်ရောက်လာသော တောင်သူလယ်သမားများက စိုက်ပျိုးလယ်ယာမြေနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်သင့်သည်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ (ဝါးခယ်မ)