ဖလမ်း ၆ ဇူလိုင်
သတင်းအမှားတွေကို တိုက်ဖျက်ပြီး သတင်းအမှန်ကို သိရှိနိုင်ဖို့ Media and Information Literacy Training ကို ဇူလိုင် ၆ ရက် နံနက် ၉ နာရီမှစတင်ကာ ဖလမ်းမြို့၊ Youth Community Centre ၌ ပြုလုပ်သည်။
သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်ပြီး Chin Institute Social Science (CISS) Executive Director သိက္ခာတော်ရဆရာတော် ထောင်းဘိခ်က “ကျွန်တော်တို့ပေးအပ်တဲ့ သင်တန်းကတော့ Media Information Literacy လို့ခေါ်တဲ့ သတင်းအမှားတွေ ခွဲခြားတတ်ဖို့အတွက် ရည်ရွယ်ပြီးတော့မှ လူငယ်တွေအတွက်သင်တန်း လုပ်တာဖြစ်ပါတယ်။ လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ခုနပြောသလို ကျွန်တော်တို့ တောင်ပေါ်ဒေသမှာ အထူးသဖြင့် ဒီလိုဖွံ့ဖြိုးမှုလိုအပ်နေတဲ့ ကျွန်တော်တို့ ဒေသမှာ မမှန်သတင်း ပျံ့နှံ့မှုတွေ၊ မမှန်သတင်းတွေ ဖြန့်ချိတာတွေ၊ သတင်းကနေ ပြစ်မှုကျူးလွန်တာတွေ ကာကွယ်ဖို့အတွက် ဒီလိုသင်တန်းလေးတွေကို လူငယ်တွေကြားမှာ ပျံ့နှံဖို့အတွက် လုပ်ရတာဖြစ်တယ်” ဟုပြောသည်။
“သတင်းအရင်းအမြစ် ခိုင်မာမှု ရှိ မရှိပေါ့နော်။ ဒါကို လှည့်မကြည့်ဘဲနဲ့ တက်လာသမျှကို ယုံကြည် လက်ခံကြပြီးတော့ မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်။ ဒီလိုမျိုး သတင်းတွေကြောင့် တစ်ယောက်နှင့် တစ်ယောက် အမြင်လွဲတာမျိုး။ တက်လာတဲ့ သတင်းတိုင်းကိုလည်း အများပြည်သူ ထိတ်လန့်စေတဲ့ သတင်းများ၊ အများပြည်သူတွေကို တုန်လှုပ်စေတဲ့ သတင်းမျိုး၊ ဒါမျိုးတက်လာပြီဆိုရင် သတင်းက ဘယ်လိုအရင်းမြစ်တွေရှိတယ်။ ဘယ်လိုခိုင်မာမှု ရှိ မရှိ စသဖြင့်ပေါ့နော်။ ခိုင်မာတဲ့သတင်း၊ မှန်ကန်တဲ့ သတင်းတွေကို ဘယ်လိုရှာရမလဲဆိုတဲ့ ကဏ္ဍနှင့်ပတ်သက်ပြီးတော့မှ သတင်းအမှားတွေကို တိုက်ဖျက်ပြီးတော့မှ သတင်းအမှန်တွေကို ကြည့်တတ်ဖို့ ဖတ်တတ်ဖို့ ခံယူတတ်ဖို့ ဒါကို အဓိကထားပြီးတော့ သင်ပြချင်တဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့” ထောင်းဘိခ်က ဆက်ပြောသည်။
အဆိုပါ သင်တန်းကို Myanmar Journalism Institute၊ Chin Institute Social Sciences ( CISS ) နှင့် DW Akademie အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတွင် ဖလမ်းမြို့ရှိ လူငယ် ၁၆ ဦး တက်ရောက်လျက်ရှိရာ သင်တန်းကို ဇူလိုင် ၈ ရက်နေ့ထိပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်


