တောင်ကြီး မေ ၁၀
မြန်မာ့မီးရထားမှ နောင်ကား-ပင်းပက် သံမဏိစက်ရုံ ရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသည့် မြေဧရိယာ (၂၁၇.၂၇)ဧကအတွက် တောင်သူ(၁၈၇)ဦးအား မြေယာလျော်ကြေးပေးအပ်ခြင်းကို မေ(၉)ရက် မွန်းလွဲပိုင်းက တောင်ကြီးမြို့၊မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မြန်မာ့မီးရထားနေဖြင့် လက်ရှိ တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းမှ တဆင့်ခွဲထွက်ပြီး နောင်ကား-ပင်းပက် သံမဏိစက်ရုံသို့ ရထားလမ်းသစ် ဖောက်လုပ်နိုင်ရန်အတွက် မြေဧရိယာ ဧကစုစုပေါင်း(၂၈၁.၈၂)ဧကကို အသုံးပြုခဲ့ရသဖြင့် ၎င်းအတွင်းမှ တောင်သူများ စိုက်ပျိုးမြေအဖြစ် အသုံးပြုလျက်ရှိသည့် (၂၁၇.၂၇)ဧကကို မြေယာလျော်ကြေးပေးအပ်နိုင်ရေးအတွက် ရပ်/ကျေးအဆင့်မှစပြီး မြို့နယ်၊ ခရိုင်၊ပြည်နယ်နှင့် နိုင်ငံတော်အဆင့်ဆင့် တင်ပြဆောင်ရွက်ခဲ့သည့်အတွက် ယခုလိုလျော်ကြေးငွေများ ပေးအပ်နိုင် ခဲ့ပါကြောင်း၊မြန်မာ့မီးရထားမှရထားလမ်းသစ်ဖောက်လုပ်ရန် အသုံးပြုမည့် မြေဧရိယာ(၂၁၇.၂၇)ဧကအတွက် နိုင်ငံတော်ကချမှတ်ပေးသည့် မြေယာလျော်ကြေးနှင့် သီးနှံအတွက် လျော်ကြေးငွေစုစုပေါင်းကျပ်သိန်းပေါင်း (၂)သောင်းကျော်(၂၀၀,၂၁၃,၂၈၅,၈/)ကို တောင်သူပေါင်း(၁၈၇)ဦးအား ပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့်မှ မြေယာလျော်ကြေး ပေးအပ်မှုနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီး မြေယာလျော်ကြေးငွေများပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊မြန်မာ့မီးရထား အထွေထွေမန်နေဂျာ(မြို့ပြ)တို့မှ တောင်သူများအား မြေယာလျော်ကြေးများကို အသီးသီးပေးအပ်ကြရာ တောင်သူများမှလက်ခံရယူပြီး မြေယာလျော်ကြေးငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ တောင်သူများကိုယ်စား တောင်သူဒေါ်နန်းချိုချိုဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)