နေပြည်တော် ၉ ဇူလိုင်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် အသွင်ပြောင်း ပိုလီယိုပိုးတွေ့ရှိမှုအပေါ်တွင် ကူးစက်မှု မြန်လျင်မြန်စွာ ထိန်းချုပ်တားဆီးနိုင်ရန်အတွက် ယင်းမြို့နယ်နှင့် နယ်မြေထိစပ်လျက်ရှိပြီး ကာကွယ်ဆေးထိုး လွှမ်းခြုံမှုအားနည်းသော မြို့နယ်(၁၂)မြို့နယ်၌ ရည်မှန်းကလေး ၃ သိန်းခန့်ကို ပိုလီယိုကာကွယ်ဆေးအပိုဆောင်း ၃ ကြိမ် ၂ ပတ်ခြားကာ ဇူလိုင် ၇ ရက်မှစ၍ စတင်တိုက်ကျွေးလျက်ရှိသည်။
မွေးကင်းစမှ အသက် (၁၅) နှစ်အထိ ကလေးများကို ကရင်ပြည်နယ် ဖာပွန်မြို့နယ်နှင့် ယင်းပြည်နယ်အတွင်း အခြားမြို့နယ် (၆)ခုစလုံးတွင် လည်းကောင်း၊ မွေးကင်းစမှ အသက် (၅)နှစ်အရွယ် ကလေးငယ်များကို မွန်ပြည်နယ် သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့တွင် လည်းကောင်း ပိုလီယိုကာကွယ်ဆေး အပိုဆောင်း (၃)ကြိမ် မပျက်မကွက် တိုက်ကျွေးကြရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
ပိုလီယိုကာကွယ်ဆေးကို ဇူလိုင် ၇ ရက်မှ ၉ ရက်အတွင်း ပထမအကြိမ်၊ ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်အတွင်း ဒုတိယအကြိမ်နှင့် သြဂုတ် ၄ ရက်မှ ၆ ရက်အတွင်း တတိယအကြိမ် တိုက်ကျွေးသွားမည်ဖြစ်ပြီး ပိုလီယိုကာကွယ်ဆေးတိုက်ခြင်းဖြင့် သင့်ကလေးငယ်ကို ပိုလီယိုရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်မည်ဖြစ်ပြီး ရာသက်ပန်မသန်စွမ်းဖြစ်ခြင်းမှ ကင်းဝေးမည်ဟု သိရသည်။
မောင်လူမော်


