နေပြည်တော် မတ် ၆
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၅)ကြိမ် မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ကော်မတီအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားမှုများအပေါ် စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ ခွင့်ပြုမိန့်မရရှိဘဲ လုပ်ငန်းများလုပ်ကိုင်အ သုံးပြုထားရှိမှုအတွက် စတင်လုပ်ကိုင်အသုံးပြုသည့် လုပ်ငန်းအမျိုးအစား၊ သီးနှံအမျိုး အစားအလိုက် သတ်မှတ်ထားသည့် မြေခွန်ကင်းလွတ်ခွင့် ကာလကုန်ဆုံးသည့်နေ့မှစ၍ သတ်မှတ်မြေခွန်နှုန်းထားအတိုင်း လုပ်ကိုင်အသုံး ပြုခဲ့မှုကာလအရ ကျသင့်မြေခွန်အား ပေးသွင်းစေပြီးမှသာ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုနိုင်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီများကိုလည်း ဆက်လက်ညွှန်ကြား ဆောင်ရွက်သွားသင့်သည်ဟု သုံးသပ်ရပါကြောင်း။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားမှုများနှင့် ပတ်သက်၍ အမှန်တကယ် လုပ်ဆောင်နိုင်မည့် ပမာဏသာ စိစစ်ခွင့်ပြုခြင်းအပြင် ကာယကံရှင်များအနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အကျိုးအမြတ်စောလျင်စွာရရှိရေးအတွက် အာမခံကြေးပမာဏ တိုးမြှင့်သတ်မှတ်ရန် လိုအပ်ပါကြောင်း၊ မြေခွန်နှုန်းထားအနေဖြင့် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူအချို့သည် မြေခွန်ပေးသွင်းနေသော်လည်း လက်တွေ့လုပ်ငန်း ပြီးစီးအောင် ဆောင်ရွက်ခြင်းမပြုပဲ တာဝန်ကျေ လုပ်ဆောင်နေခြင်းနှင့် အချို့သည် အမှန်တကယ် မြေပြင်တွင် လုပ်ကိုင်ဆောင်ရွက်မှု မရှိခြင်းများ စိစစ်တွေ့ရှိရသည့်အတွက် ပေးသွင်းရမည့် မြေခွန်နှုန်းထား ပြင်ဆင်သတ်မှတ်နိုင်ရေးကိုလည်း ဗဟိုကော်မတီဝင်များ အားလုံးက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အတွင်းရေးမှူး က(၁၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစာတွဲများကိုတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက လုပ်ငန်းတစ်ခုချင်းအပေါ် ဆွေးနွေးကြသည်။
၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပြဋ္ဌာန်း ပြီးနောက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီမှ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများကိုလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး ပြည်နယ်စီမံခန့်ခွဲရေးကော်မတီများမှ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများကို လည်းကောင်း လုပ်ပိုင်ခွင့် အသုံးပြုခွင့်များ ခွင့်ပြုချထားပေးခဲ့သည့် စုစုပေါင်းမြေဧရိယာ(၂၇၆၂၂၂၅)ဧက အနက် သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိသည့် မြေဧရိယာဧက (၁၆၀၀၉၆၀)ကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ဖြစ်ကြောင်း၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ အနေဖြင့် တစ်နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် မြေဧရိယာကိုသာ စိစစ်၍ လုပ်ကိုင်ခွင့်ပေးရန် တည်ဆဲဥပဒေနှင့်အညီ ညွှန်ကြားချက် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ စိစစ်လျက်ရှိသော အဆိုပြု လျှောက်ထားမှုများအား နှစ်အလိုက်လုပ်ကိုင်နိုင်မှုအပေါ် မူတည်၍ ဥပဒေနှင့်အညီ နှစ်စဉ်လုပ်ကိုင်ခွင့် ဆက်လက်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်