နေပြည်တော် ၂၆ ဩဂုတ်
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ရရှိထားသူများအနေဖြင့် လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရယူသည့်နည်းတူ မြေခွန်တော်များကို ဥပဒေနှင့်အညီပေးအပ်ရန် တာဝန်ရှိပါကြောင်း၊ ပေးအပ်ခြင်းမပြုပါက အစည်းအဝေးများတွင် အတည်ပြုဖွဲ့စည်းထားသည့် အထူးအဖွဲ့များဖြင့် ကွင်းဆင်းစိစစ်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်းအရာများအလိုက် တင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။
ယနေ့ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လက်ရှိအစိုးရကာလ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားလာသည့် အမှုတွဲများအား စိစစ်တင်ပြခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၂၅/၂၀၂၀) နှင့် (၂၄/၂၀၂၀) အစည်းအဝေးဆုံးဖြတ်ချက်များအရ ပြည်လည်စိစစ်ရန် အကြောင်းကြားခြင်းအပေါ် ပြန်လည်တင်ပြလာသည့် ကိစ္စရပ်များ၊ ယခင် ဗဟိုအဖွဲ့က ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား ပြည်လည်အပ်နှံခွင့်ပြုပါရန် လျှောက်ထားလာခြင်း ကိစ္စရပ်များ၊ ယခုအစိုးရကာလ သက်ဆိုင်ရာဝန်ကြီးဌာနများက သဘောထားမှတ်ချက် ပြန်ကြားလာသည့် အမှုတွဲများ စိစစ်တင်ပြခြင်းကိစ္စရပ်များ၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများသည် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဃ)ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပြီး ပေးဆောင်ရမည့် မြေခွန်များကို ပေးဆောင်ရန် ပျက်ကွက်နေမှုအား ဥပဒေပုဒ်မ ၂၁ နှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပေးထားသည့် အထူးအဖွဲ့များအား အစားထိုး ပြင်ဆင်ဖွဲ့စည်းပေးခြင်း ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် အသုံးပြုခွင့်၊ လုပ်ပိုင်ခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာတင်သွင်းခြင်းအား စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းကိစ္စရပ်များနှင့် ကျေးရွာသုံး ထင်းစိုက်ခင်းနယ်မြေ သတ်မှတ်ရေးကိစ္စ၊ ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သတ်မှတ်နယ်မြေများဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


