နေပြည်တော် ဇန်နဝါရီ ၂၀
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ရွှေရတုခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာတင်ထွဋ် နှင့် ဦးဗိုလ်ဗိုလ်ကျော် တို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က မိဘများ၏ ရင်ခွင်အရိပ်ကို ခွဲခွာ၍ တက္ကသိုလ်ကျောင်းတော်ကြီး၏ ရင်ခွင်အရိပ်ကို ခိုဝင်လာကြသော ကျောင်းသား၊ကျောင်းသူများအား ဝန်ကြီးဌာနကိုယ်စား နွေးထွေးလှိုက်လှဲစွာကြိုဆိုပါ ကြောင်း ၊ ပညာသင်ယူစဉ်ကာလတွင် နည်းပညာရပ်များအပြင် ဘက်စုံခြုံငုံသုံးသပ် တွေးခေါ်နိုင်မှုနှင့် လက်တွေ့ကျကျ စနစ်တကျချဉ်းကပ်တတ်မှု၊ ထိရောက်အကျိုးရှိသော ပြောဆို ဆက်ဆံနိုင်မှု စွမ်းရည်နှင့် အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မှု စွမ်းရည် စသည့် အသိပညာများနှင့်အတူ စီမံခန့်ခွဲမှုနှင့် စွန့်ဦးတီထွင်နိုင်မှုစွမ်းရည် ၊ တစ်သက်တာ လေ့လာသင်ယူလိုသော အလေ့အကျင့်ရှိမှုနှင့် သတင်းအချက်အလက်များကို ဆန်းစစ် သုံးသပ် စီမံခန့်ခွဲနိုင်မှု စွမ်းရည်များကိုပါ တပါတည်း လေ့လာဆည်းပူးသွားကြရန် တိုက်တွန်းပါကြောင်း။
မွေးမြူရေးကဏ္ဍသည် စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာစေရန် တန်းဖိုးမြှင့်တင်ပေးသည့် ကွင်းဆက်တစ်ခုဖြစ်၍ မွေးမြူရေးပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးပြီး မွေးမြူရေးလုပ်ကိုင်သူများအကျိုးကို အမြဲရှေးရှု ကြိုးပမ်းကြရန်လိုကြောင်း၊ မိမိနိုင်ငံ၏ စားရေရိက္ခာဖူလုံရေး ၊ မိမိနိုင်ငံပြောင်းလဲတိုးတက်ရေးကို မိမိတို့ကိုယ်တိုင်ကြိုးပမ်းကြရ မည်ဖြစ်၍ ကျရာအခန်းကဏ္ဍက ထူးထူးချွန်ချွန်စွမ်းဆောင်နိုင်ကြစေရေး ကြိုးစားအား ထုတ်သွားကြရန် အားပေးပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ကျောင်းသား ကျောင်းသူ များနှင့်အတူ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် စာပေ၊ယဉ်ကျေးမှုနှင့် အနုပညာအသင်း ၏ ပဒေသာကပွဲဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးများသည် စိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အဆောက်အဉီး ဆောက်လုပ်မည့်နေရာနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်