နေပြည်တော် ဒီဇင်ဘာ ၃၀
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၏ (၃၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေဆင်းတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ ကျင်းပ ပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာမှူးများ၊ ဆရာ၊ဆရာမများ၊ ဘွဲ့ခံကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနား ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ကမ္ဘာတွင် ပညာသည် Soft Power ဖြစ်ပါကြောင်း ၊ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် “ပညာ” အပေါ် အဓိကမူတည်ပြီး တည်ဆောက်ထားသော လူသားအရင်းအမြစ်က အဓိကဖြစ်သည်ကို လက်ခံထားကြပါကြောင်း၊ အဆင့်အတန်းမြင့်မားသည့် ပညာရှင်လူသားအရင်းအမြစ်၊ ခေတ်မီနည်းပညာ၊ အသုံးချသုတေသန၊ တီထွင်ဖန်တီးမှုတို့ကို အချိုးညီညီ ပေါင်းစပ်နိုင်ပါက ကမ္ဘာ့အဆင့်မီနိုင်ငံတစ်နိုင်ငံ မလွဲဧကန်ဖြစ်လာမည် အမှန်ပင်ဖြစ်ကြောင်း။ အမိတက္ကသိုလ်ကျောင်းတော်ကြီးအနေဖြင့် မောင်တို့မယ်တို့တွင် ရှိသင့်ရှိအပ်သော Knowledge၊ Skill နှင့် Attitude များကို မောင်တို့မယ်တို့ ပညာရင်နို့သောက်စို့ခဲ့စဉ် ကာလအတွင်းမှာ တတ်စွမ်းသမျှ ဖြည့်ဆည်း မျှဝေပေးခဲ့ပြီဖြစ်ပါကြောင်း။
ဘွဲ့ရမောင်မယ်များအနေဖြင့် ပြင်ပလုပ်ငန်းခွင်ကို ရောက်ရှိအချိန်မှာ မိမိတို့၏ တွေးခေါ် မျှော်မြင်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း၊ ယှဉ်ပြိုင်နိုင်စွမ်းများ မြင့်မားလာအောင် အထူးကြိုးစား သွားကြရန်လိုကြောင်း၊ ယင်းသို့မြင့်မားနိုင်ရန် ကျင့်ဝတ်သိက္ခာပြည့်စုံပြီး ကောင်းမွန်သော စိတ်သဘောထား (Attitude)နှင့် လက်တွေ့ကျွမ်းကျင် နှံ့စပ်မှုရှိခြင်း(Skills) တို့ကို ပေါင်းစပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရပ်အချင်းချင်း ဆက်နွယ်နေမှု သဘောတရားများကို ပေါင်းစပ်ပြီး လက်တွေ့နယ်ပယ်တွင် နှံ့စပ်ကျွမ်းကျင်စွာ အသုံးချနိုင်ရေး ကြိုးစားအားထုတ် ကြမည်ဆိုပါက စိုက်ပျိုးမွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေပြီး နိုင်ငံတော်အတွက် လက်တွေ့အကျိုးရှိမှာ အမှန်ပင်ဖြစ်ပါကြောင်း။ သို့ဖြစ်၍ မောင်တို့မယ်တို့အနေဖြင့် နိုင်ငံတည်ဆောက်ရေးတွင် မိမိတို့ကိုယ်တိုင်၏ အရေးပါမှုကို လည်းကောင်း၊ ပညာရေး၏ အရေးပါမှုကို လည်းကောင်း ကောင်းစွာ သိမြင်နားလည်ပြီး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးစားကြဖို့ ထပ်လောင်းမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ထူးချွန်ဆရာမနှင့် တန်းစဉ်ပေါင်း ရမှတ်အများဆုံး ရရှိသည့် ကျောင်းသူများကို ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်သည်။
အစီအစဉ် ဒုတိယပိုင်းတွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မာမာဝင်း က မွေးမြူရေးပညာ (Bachelor of Animal Science - BASc) ဘွဲ့ရရှိသူ (၃၀) ၊ တိရစ္ဆာန်ဆေးပညာ(Doctor of Veterinary Medicine - DVM) ဘွဲ့ရရှိသူ (၆၂)ဦး ၊ တိရစ္ဆာန်မဟာဆေးသိပ္ပံ Master of Veterinary Science (MVSc) ဘွဲ့ရရှိသူ ( ၅ )ဦး ၊ ပါရဂူ (Doctor of Philosophy – PhD) ဘွဲ့ရရှိသူ (၂ )ဦး တို့ကို ဆိုင်ရာဘွဲ့လက်မှတ်ပေး ချီးမြှင့်ပေးအပ်သည်။
(၁၉၅၇)ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် နှစ်စဉ်မွေးမြူရေးပညာရှင်များနှင့် တိရစ္ဆာန်ဆေးကုပညာရှင်များ မွေးထုတ်ပေးလျက်ရှိရာ ယနေ့အထိ (၆၆) နှစ်တာ ကာလအတွင်း တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့ရ(BVS/BVSc) (၅၆၇၂) ဉီး၊ မွေးမြူရေးပညာဘွဲ့ရ(BASc) (၁၉၉) ဉီး၊ တိရစ္ဆာန် ဆေးပညာဘွဲ့ရ (DVM) (၁၀၈) ဉီး၊ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းဒီပလိုမာဘွဲ့ရ (Dip L.I.S) (၂၂၀) ၊ မွေးမြူထုတ်လုပ်ရေးဒီပလိုမာဘွဲ့ရ(Dip.L.P.A.) (၄၄၉) ဦး၊ တိရစ္ဆာန်ဆေးပညာ မဟာဒဿနဘွဲ့ရ (MPhil) (၂၁) ဉီး၊ တိရစ္ဆာန်ဆေးပညာမဟာဘွဲ့ရ (MVM) (၉) ဉီး၊တိရစ္ဆာန်မဟာဆေးသိပ္ပံ (MVSc) (၃၃၃) ဉီး၊ ပါရဂူဘွဲ့ရ(PhD) (၂၅) ဉီးတို့ကို မွေးထုတ်ခဲ့ပြီးပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်