နေပြည်တော် ဒီဇင်ဘာ ၃၀
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ဉီးစွာမြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာခင်ဇော် က မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ ဥပဒေနှင့် နည်းဥပဒေများ၊ ရည်ရွယ်ချက်များ၊ ကောင်စီ ဖွဲ့စည်းခြင်း၊ ကောင်စီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကော်မတီများ၊ အဖွဲ့များ ဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ တိရစ္ဆာန်ဆေးပညာသင်ကျောင်းကို အရှေ့တောင်အာရှစံနှုန်းအရ အသိအမှတ်ပြုမှု ရရှိစေရန်စစ်ဆေးခြင်း ၊ တိရစ္ဆာန်ဆေးပညာကောင်စီ (သတ္တမအကြိမ်) ဖွဲ့စည်းရေးကိစ္စ ရပ်များနှင့် သတ္တမအကြိမ် တိရစ္ဆာန်ဆေးပညာကောင်စီတွင် ဌာနအသီးသီးမှ အဆိုပြု တိရစ္ဆာန်ဆေးကုဆရာဝန်အမည်စာရင်းအနက် ဝန်ကြီးဌာနမှ (၈)ဦးကို တာဝန်ပေးအပ် နိုင်ရေးဆိုင်ရာကိစ္စရပ်များကိုတင်ပြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က တိရစ္ဆာန်ဆေးပညာ တိုးတက်မြင့်မားလာရေးအတွက် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ ၊ မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်နှင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက တိရစ္ဆာန်ဆေးပညာသင်ကြားရေး နှင့်စပ်လျဉ်း၍ လိုအပ်သည့် အကြံပြုချက်များကို တိရစ္ဆာန်ဆေးပညာကောင်စီအနေဖြင့် နှောင့်နှေးကြန့်ကြာမှုမရှိ တင်ပြပေးနိုင်ရေး ၊ တိရစ္ဆာန်ဆေးပညာ ခေတ်မီတိုးတက်ရေး အတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်စေရန် ဝန်ကြီဌာနက လိုအပ်သည့် ညှိနှိုင်းပေါင်းစပ်ကူညီ ပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ၊ တားမြစ်ချက်နှင့် ပြစ်ဒဏ်များထိရောက်စေရေးအတွက် ထိန်းကျောင်းကြပ်မတ်မှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ဆရာနှင့် ကျောင်းသားအချိုး၊ သင်ကြားသင်ယူမှု လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သော အကြံပြု မွမ်မံခြင်းကို ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ရေး၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ကို အရှေ့တောင်အာရှစံနှုန်းများနှင့်အညီဖြစ်စေရေး ဆက်လက် အားထုတ်ကြိုးပမ်းသွားရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်