ဆီဆိုင် ၁၂ ဩဂုတ်
မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူထားသော ဒေသနွားမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လုပ်ကိုင်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ မဲ့ဘောင်ကျေးရွာသို့ မျိုးကောင်းမျိုးသန့် ဒေသနွားပြာစိမ်း အမအကောင် ၂၀ နှင့် အထီးတစ်ကောင် ဖြန့်ဖြူးပေးအပ်ပွဲကို ဩဂုတ် ၁၂ ရက် နံနက် ၁၀ နာရီက မဲ့ဘောင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်းက သားငါးကဏ္ဍ စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေး၊ ကျေးလက်ဒေသ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မွေးမြူရေးဘဏ်စနစ်ကို ကျင့်သုံးပြီး လက်ဆင့်ကမ်းမွေးမြူစေခြင်းဖြင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးလာစေရေး၊ ဒေသတွင်း အသားထုတ်လုပ်မှု၊ နို့ထုတ်လုပ်မှု၊ ကြီးထွားမှုကောင်းလာပြီး ပြည်ပဈေးကွက်ဝင်နွားမျိုးများ ပြန့်ပွားရရှိလာမှာဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က အမှာစကားပြောကြားကြပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူး ဒေါက်တာချစ်ချစ်ဝင်းက မျိုးကောင်းမျိုးသန့် ဒေသနွားပြာစိမ်းများ ဖြန့်ဖြူးပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒေသနွားလွှဲပြောင်းခြင်းစာချုပ်မှတ်တမ်းနှင့် ဖြန့်ဖြူးပေးသော ဒေသနွားများအား ကျွေးမွေးနိုင်ရန် နွားလက်ခံရရှိသူ တောင်သူများထံသို့ အသင့်ရောစပ်ပြီး နွားစာအိတ်များကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပေးအပ်ပြီး ကျေးရွာမွေးမြူရေးဘဏ်ကော်မတီ အတွင်းရေးမှူး ခွန်ထွန်းစံမှ ကျွန်တော်တို့ကျေးရွာမှ ဒေသနွားလက်ခံရရှိသူများအနေနဲ့လည်း ဒေသနွားများ လက်ခံရရှိပြီးတဲ့အချိန်ကစပြီး မွေးမြူရေးလုပ်ငန်းကို အခြားသူများ အားကျစိတ်ဝင်စားလာအောင် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျေးဇူးတင်စကားတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါ မျိုးကောင်းမျိုးသန့်ဒေသနွား ၂၁ ကောင် မွေးမြူရန် မဲ့ဘောင်ကျေးရွာ မွေးမြူရေးဘဏ်ကော်မတီမှ ရွေးချယ်ထားသည့် အိမ်ထောင်စု(၁၀)စုမှ တစ်အိမ်ထောင်စုလျှင် ဒေသနွားအမ နှစ်ကောင်စီ မွေးမြူရမည်ဖြစ်ပြီး ဒေသနွားအထီးတစ်ကောင်ကို အဆိုပါ အိမ်ထောင်စု ၁၀ စုက မဲနှိုက်မွေးမြူရမည်ဖြစ်ကြောင်းနှင့် မျိုးကောင်းမျိုးသန့် ဒေသနွားထီးတစ်ကောင်သည် နွားမအကောင် ၂၀ ဖြင့် မျိုးဆက်၍ သားဖောက်မွေးမြူရန် ထည့်သွင်းပေးအပ်ခြင်းဖြစ်ကြောင်း၊ နွားမတစ်ကောင်သည် ကာလတန်ဖိုး ၈ သိန်း၊ အထီးတစ်ကောင်ကို ၁၅ သိန်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုက်သက်နောင်ထံမှ သိရသည်။
မွေးမြူရေးဘဏ်စနစ်အရ တိရစ္ဆာန်ဒေသနွားလက်ခံရရှိသူက သတ်မှတ်ကာလ (၃)နှစ်ပြည့်လျှင် မူလရယူထားတဲ့တိရစ္ဆာန်ရဲ့ အသက်အရွယ်၊ အရေအတွက်၊ အရွယ်အစားအတိုင်း ကျေးရွာမွေးမြူရေးဘဏ် ကော်မတီကို ပြန်လည်အပ်နှံပေးရမှာဖြစ်ပြီး ကော်မတီမှတစ်ဆင့် အခြားမွေးမြူလိုသူတစ်ဦးကို လက်ဆင့်ကမ်းပေးရမှာဖြစ်ရာ မွေးမြူရေးဘဏ်စနစ်နဲ့ တိရစ္ဆာန်လက်ခံရယူမွေးမြူသူအနေနဲ့ အတိုးငွေပေးရခြင်း မရှိကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)