နေပြည်တော်၊ စက်တင်ဘာ၂၇
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်နှင့် မွေးမြူရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တက္ကသိုလ်၊ ဦးစီးဌာန၊ အဖွဲ့အစည်းများနှင့် အတတ်ပညာရှင်များပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်း အဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေး ပညာကောင်စီ(MVC)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်(MLF) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်သာယာဝပြောရေးနှင့်စားရေ ရိက္ခာဖူလုံပိုလျှံရေးအတွက် မူဝါဒများ ချမှတ် ဆောင်ရွက်လျက်ရှိပြီး “စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ် များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဟူသည့် စီးပွားရေးဦးတည်ချက်ကို မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းအကောင်အထည်ဖော် လျက်ရှိကြောင်း။
စာရင်းဇယားများအရ မြန်မာနိုင်ငံရှိ လူတစ်ဦးချင်း၏ တစ်နှစ်အသားစားသုံးမှုမှာ ကြက်သား ၉ ဒသမ ၅ ပိဿာ၊ ဝက်သား ၃ ပိဿာ၊ အမဲသား ၁ ဒသမ ၇ ပိဿာ နှင့် ဆိတ်သား ၀ဒသမ၂၄ ပိဿာခန့်ရှိပြီး ပြည်တွင်း၌ လက်ရှိ မွေးမြူရေး တိရစ္ဆာန် ကောင်ရေအရ အသားလိုအပ်ချက်ပမာဏကို လုံလောက်စွာ ထုတ်ပေးနိုင်သည့် အခြေ အနေရှိသော်လည်း ရေမြေသဘာဝ အခြေခံကောင်းများကို စနစ်တကျအသုံးပြု၍ မွေးမြူရေးအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းများ ဖွံ့ဖြိုးလာရေးနှင့် စီးပွားဖြစ်ရင်းနှီး မြုပ်နှံဆောင် ရွက်သည့် လုပ်ငန်းကြီးများ အရှိန်အဟုန်ကောင်းစွာ ထွန်းကားလာစေရန် အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရေး အတွက် ယနေ့လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မိမိတို့ သက်ဆိုင်ရာကဏ္ဍများမှ တက်ညီလက်ညီ ဝိုင်းဝန်း ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြသည်။
(သတင်းစဉ်)