နေပြည်တော်၊ ဧပြီ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန မွေးမြူရေးသုတေသနဦးစီးဌာန၏ ဒုတိယအကြိမ် မွေးမြူရေးသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု၀န်ကြီး ဦးမင်းနောင်နှင့် ဒုတိယ ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ တာ၀န်ရှိသူများ၊ သုတေသန စာတမ်းရှင်များနှင့် သုတေသီများတက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စု၀န်ကြီးက မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးအတွက် လိုအပ်လျက် ရှိသည့် သုတေသနလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရ၏ စီမံ လမ်းညွှန်မှုဖြင့် မွေးမြူရေးသုတေသနဦးစီးဌာနကို ဌာနအသစ်တည်ထောင်ဖွင့်လှစ်ခဲ့ရာ ယနေ့တွင် (၂) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် စာတမ်းဖတ်ပွဲသည် မြန်မာနိုင်ငံ၏ သား၊ ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လိုအပ်ချက်များကို သုတေသီများ ပညာရှင်များက ဖော်ထုတ်ဆွေးနွေးနိုင်ကြရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် ပါကြောင်း၊ စာတမ်းဖတ်ပွဲတွင် သုတေသီအချင်းချင်း ပညာရပ်ဆိုင်ရာများ ဖလှယ်နိုင်သကဲ့သို့ ၎င်းတို့ဆောင်ရွက်မှုမှရရှိလာသည့် သုတေသနရလဒ်များကို တစ်နေရာတည်းတွင် စုစည်း ဖော်ပြပေးခြင်းဖြင့် အခြားသောလုပ်ငန်း ဆက်စပ်သူများအနေဖြင့် ရည်ညွှန်းကိုးကားအဖြစ် အသုံးချနိုင်မည်ဖြစ်ပါကြောင်း၊ အလားတူနည်းပညာအရ သုတေသနဖော်ထုတ် တွေ့ရှိချက်များကို လက်တွေ့အသုံးချ သုတေသနများအဖြစ် ပြောင်းလဲပြီး အမှန်တစ်ကယ် အသုံးချမည့် မွေးမြူရေးတောင်သူများ မွေးမြူရေးလုပ်ငန်းရှင်များ လက်၀ယ်ရောက်ရှိအောင် ဆက်လက်ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်းက စာတမ်းဖတ်ပွဲ ကျင်းပရခြင်းနှင့် စာတမ်းဖတ်ပွဲဆိုင်ရာ အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး စာတမ်းရှင်များက သုတေသနစာတမ်းများ ဖတ်ကြားတင်ပြကြရာ အခမ်းအနား တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် မွေးမြူရေးသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲတွင် စျေးကွက်၀င်တန်ဖိုးမြှင့် မွေးမြူရေးထုတ်ကုန်နှင့် လူသုံးမွေးမြူရေး ထုတ်ကုန်များဆိုင်ရာ သုတေသနစာတမ်း (၂) စောင်၊ ရေရှည်တည်တံ့စေမည့် မွေးမြူထုတ်လုပ်ရေးနည်းစနစ်ဆိုင်ရာ သုတေနသစာတမ်း (၁၆) စောင်၊ တိရစ္ဆာန်အစာနှင့် အာဟာရဗေဒဆိုင်ရာ သုတေသနစာတမ်း (၂၁) စောင်၊ ကုန်းနေရေနေ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သုတေသန စာတမ်း (၈) စောင်နှင့် မွေးမြူရေးအခြေပြု လူမှုစီးပွားရေးဆိုင်ရာ သုတေသနစာတမ်း (၂) စောင် စုစုပေါင်း စာတမ်း (၄၉) စောင်ကို မွေးမြူရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် မြိတ်တက္ကသိုလ်၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တို့မှ ပညာရှင်များက တင်သွင်းဖတ်ကြားကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု၀န်ကြီးက တိရစ္ဆာန်အစာတောင့်ပြုလုပ်စက် လှူဒါန်းသည့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ကိုလည်းကောင်း၊ ငါးသွေးအချိုးအစား ပါဝင်မှု တိုင်းတာစက် လှူဒါန်းသည့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ကိုလည်းကောင်း၊ ဥဖောက်စက် လှူဒါန်းသည့် ပန်းသဇင်ကုမ္ပဏီလီမိတက်ကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ထို့နောက် ဒုတိယဝန်ကြီးများက သုတေသနစာတမ်း အကဲဖြတ် အမှတ်ပေးအဖွဲ့ နှင့် ဆုရစာတမ်းရှင်များကို မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်