မကွေး  ၄ စက်တင်ဘာ

ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် CERP Plan အရ မကွေးတိုင်းအတွင်းရှိ မွေးမြူရေး တောင်သူများကို သင်တန်း(၆)မျိုးပေးရန် နိုင်ငံတော်က ငွေကျပ် ၁၈၇၂ သန်းထောက်ပံ့ထားကြောင်း မကွေးတိုင်းဒေသကြီး မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန က သိရသည်။

 

တိရိစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း၊ ကျွဲနွားမွေးမြူရေးသင်တန်း၊ သိုးဆိတ်မွေးမြူရေးသင်တန်း၊ ဝက်မွေးမြူရေး သင်တန်း၊ တိုင်းရင်းကြက်မွေးမြူရေးသင်တန်းနှင့် မေထုံမဲ့သားစပ်နည်း သင်တန်းများအတွက် နိုင်ငံတော်က ထောက်ပံ့ထားခြင်းဖြစ်သည်။

 

 “သင်တန်းအမျိုးအစား(၆)ခု မှာ သင်တန်းတစ်ခုကို လူ ၁၀၀ သင်ပေးရမှာ ဖြစ်ပေမယ့် ကိုဗစ်ကာလဆိုတော့ လူ ၂၀ စီခွဲ ၅ ကြိမ်ခွဲ သင်ပေးပါမယ်။ ဆိုတော့ သင်တန်းတစ်ခုကို သုံးရက်၊ တစ်မြို့နယ်ကို သင်တန်းအကြိမ်ရေ ၃၀ နဲ့ သင်တန်းသား ၆၀၀ ဦးကို သင်ပေးမှာပါ။ တိုင်းအတွင်းမှာ မြို့နယ် ၁၃ မြို့နယ်က သင်တန်းသား ၇၈၀၀ ဦး တက်ခွင့်ရမှာပါ။  သင်တန်းသားတွေကို တစ်ရက်ရှစ်ထောင်နှုန်းနဲ့ နေ့တွက်စရိတ်တွေလည်း ထုတ်ပေးနေပါတယ် ” ဟု မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ တိုင်းဦးစီးမှူး ဒေါက်တာမောင်မောင်စိုးဦး က ပြောသည်။

 

သင်တန်းများကို ဇူလိုင်လမှ စက်တင်ဘာလအတွင်း သင်ကြားပေးနေခြင်းဖြစ်ပြီး သင်တန်းဖွင့်လှစ်သင်ကြားမှု ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

သင်တန်းတက်ရခြင်းအားဖြင့် ပညာလည်းရပြီး နေ့တွက်လုပ်အားခလည်း ရသည့်အတွက် အကျိုးရှိကြောင်း၊ ထူးချွန်သင်တန်းသားများကို ကျေးရွာများအတွက် အားကိုးရသည့် ကြက်ခြေပြာများအဖြစ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အသိအမှတ်ပြုကာ ဒေသအကျိုးကို ပေါင်းစပ်လုပ်ကိုင်ခွင့်ရမည် ဖြစ်ကြောင်း သင်တန်းသား တစ်ဦးဖြစ်သူ ဦးမောင်ဌေး ထံက သိရှိရသည်။

ဇေယျတု(မကွေး)