နေပြည်တော်၊ နိုဝင်ဘာ၂၄

မြေဩဇာကော်မတီ၏ အကြိမ်(၄၀)မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် မြေဩဇာကော်မတီအဖွဲ့ဝင်များ၊ မြေဩဇာကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။ 

အစည်းအဝေးတွင် မြေဩဇာကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဓာတ်မြေဩဇာ ဈေးနှုန်းများ ကြီးမြင့်လာမှုကြောင့် တောင်သူများ အရည်အသွေးပြည့်ဝသော မြေဩဇာများကို သုံးစွဲနိုင်ရန်၊ စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းမသွားစေရန် ကြိုးပမ်းလျက် ရှိနေကြကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း စိုက်ပျိုးရေးလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံမှု ပိုမိုတိုးတက် စေရန်နှင့်  သွင်းအားစုကို ထိထိရောက်ရောက် အသုံးပြုနိုင်ရန်၊ မြေဆီလွှာ ကျန်းမာရေးကို ရေရှည်ကောင်းမွန်တိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသော စိုက်ပျိုးထုတ်လုပ်မှု ဖြစ်စေရန်တို့အတွက် ဓာတ်မြေဩဇာ နှင့် သဘာဝမြေဩဇာများကို အချိုးကျ ပေါင်းစပ်သုံးစွဲရေး ၊ သစ်စိမ်း မြေဩဇာ ပြုလုပ်သုံးစွဲရေး၊ နေရာဒေသနှင့် သီးနှံပုံစံကိုလိုက်၍ ဘက်စုံအပင်အာဟာရ စီမံခန့်ခွဲခြင်းနည်းလမ်းများ တောင်သူ့လက်ဝယ်ရောက်ရှိရေး စသည့်နည်းပညာပေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ လုပ်ငန်းရှင်များကိုလည်း သဘာဝမြေဩဇာစက်ရုံများ ထူထောင်လုပ်ကိုင်လာကြစေရန် အားပေးပြီး နိုင်ငံခြားငွေသုံးစွဲမှု လျော့ချနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိမိတို့ ကော်မတီအနေဖြင့် အပင်အာဟာရ မျှမျှတတရစေမည့် သွင်းအားစုများ အသုံးပြုနိုင်ရေး၊ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးလာစေရေး အတွက် ဆိုင်ရာကဏ္ဍများက စိစစ်ကြပ်မတ်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြေဩဇာကော်မတီ တွဲဘက်အတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးရမည့် လုပ်ငန်းများတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက လုပ်ငန်းတစ်ခုချင်းအပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

မြေဩဇာကော်မတီ၏ (၃၈) ကြိမ်မြောက် အစည်းအဝေး ပြီးဆုံးသည်အထိ မြေဩဇာမှတ်ပုံတင်စုစုပေါင်း (၁၀၅၉၇) စောင် ကို  ခွင့်ပြုပေးနိုင်ခဲ့ပြီးဖြစ်ပြီး ယနေ့အစည်းအဝေးတွင် မြေပြုပြင် မြေဩဇာအဖြစ် တင်သွင်းခွင့် လျှောက်ထားလာသော ကိစ္စရပ်များ၊ ဆောင်းသီးနှံနှင့် နွေသီးနှံများအတွက် လိုအပ်လျက်ရှိသော ကွန်ပေါင်းဓာတ်မြေဩဇာ တင်သွင်းခွင့်ပြုနိုင်ရေး၊ ရာသီချိန်မှီ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် တောင်သူများ လိုအပ်လျက်ရှိသည့် မြေဩဇာများ တင်သွင်းနိုင်ရန် ကြိုတင်ခွင့်ပြုမိန့် ပေးထားခြင်းအပေါ် အတည်ပြုပေးရေး ဆိုင်ရာကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်